နေပြည်တော်၊ ဇူလိုင် ၃၁
ပဲခူးတိုင်းဒေသကြီးအပါအဝင် အခြားသော ပြည်နှင့်တိုင်းဒေသကြီးအချို့တွင် စပါးစိုက်ပျိုး ဧရိယာများ ရေလွှမ်းနစ်မြုပ်မှုကို အကြောင်းပြု ၍ ဆန်ဈေးတက်လာစရာအကြောင်းမရှိကြောင်း စီးပွားရေးလေ့လာသုံးသပ်သူများက ပြောကြားသည်။
လတ်တလော ရေလွှမ်းနစ်မြုပ်မှုကြောင့် စပါးစိုက်ပျိုးဧရိယာများ ထိခိုက်ပျက်စီးမှုရှိသော်လည်း ရေကျချိန်တွင် ပြန်လည်စိုက်ပျိုး၍ ရနိုင်သည့်အတွက် စပါးအထွက် နောက်ကျရုံသာ ရှိနိုင်မည်ဖြစ်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူ ဦးသက်ဇော်က ပြောသည်။
"စပါးက ရေကြီးနစ်မြုပ်ပေမယ့် ရေကျသွားရင် ပြန်စိုက်လို့ရတယ်။ နှစ်ပတ်၊ သုံးပတ်လောက်ပဲ နောက်ကျသွားမှာ။ ဒါပေမဲ့ ဝိသမလောဘသမားဆိုတာကတော့ အကြောင်းမရှိအကြောင်းရှာပြီးတောင် ဈေးတင်ရောင်းနေတာကို။ အကြောင်းရှိရင်တော့ ပိုဆိုးတာပေါ့။ ဒါကပြောရခက်ပါတယ်။ ဆန်စပါးကုန်သည်ကြီးများအသင်းက ထိန်းကျောင်းဖို့တော့လိုမယ်။ တကယ်ဒီလိုကိစ္စတွေ ထိန်းသိမ်းဖို့ ဖွဲ့တာကိုးဗျ။ သေသေ ချာချာ ကိုင်တွယ်ဖို့လိုအပ်ပါမယ်။ ဈေးတင်ရောင်းတဲ့သူတွေဖမ်းပေါ့။ စပါးဆိုတာ နှစ်ပတ်လောက် ရေမြုပ်ခံတယ်။ နှစ်ပတ်ထက် ကျော်သွားရင်တော့ စပါးကပုပ်သွားတယ်။ အသစ်ပြန်စိုက်ရတာပေါ့။ စိုက်ဖို့မီပါသေးတယ်။ အခုမှ ဇူလိုင်လကုန်ပဲရှိသေးတယ်။ ဇူလိုင်လလယ် လောက်ကနေ စစိုက်ကြတာဆိုတော့ စပါးအထွက်တော့ နည်းနည်း နောက်ကျသွားရင် ကျသွားမယ်။ စပါးရိတ်ခါနီးကျမှ မြုပ်သွားတဲ့ဟာမျိုးကျတော့ အဲဒါမျိုး ကျမှ ကယ်မရတာ။ အခုက စပါးစစိုက်တဲ့ အချိန်က သက်ကြီးစပါးဆိုရင် နောက်ကျမယ်။ သက်လတ်စပါးဆိုရင် မီနိုင်တယ်။ သက်တမ်းတိုရယ်၊ သက်တမ်းရှည်ရယ်၊ သက်ကြီးစပါးရယ် သုံးမျိုးရှိတယ်။ စိုက်လို့မီ ပါသေးတယ်"ဟု ၎င်းကပြောသည်။
အလားတူ စပါးအထွက်နှုန်း ရာခိုင်နှုန်းအနည်းငယ် လျော့ကျသွားနိုင်သော် လည်း ကြီးကြီးမားမား သက်ရောက်မှုမရှိနိုင်ကြောင်း ဈေးတင်ရောင်းချလာမယ့် ပြ ဿနာကို ကြိုတင်ကာကွယ်ထားရန် လိုအပ်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူ ဦးရန်လင်းကျော်က ပြောသည်။
"အခုက မိုးကြိုရာသီကို။ လောလောဆယ်မှာ စိုက်ဧက တစ်သောင်းလောက် မြုပ်တယ်ဆိုရင် အထွက်နှုန်းရာခိုင်နှုန်း နည်းနည်းပါပါး လျော့သွားမယ်။ နွေရာသီတုန်းက ရိတ်သိမ်းထားတဲ့စပါးတွေ ရှိတယ်ဗျာ။ လက်ရှိဈေးကွက်ထဲမှာရော၊ ကြိတ်ခွဲပြီးသားရော ဆန်စက်တွေမှာ ကျန်သေးတာကိုး။ အဲဒီဟာနဲ့ ဒီဘက်က အစားထိုးစိုက်ပျိုးတဲ့ အချိန်နဲ့ မိုးစပါးပြီးရင် နွေစပါးရှိတယ်။ သုံးရာသီလုံး စိုက်တာ။ တက်တာတော့ တက်နိုင်တယ်။ မဟုတ်လည်း တက်နေတာပဲ။ ဆန်ဈေးက တက်လာနိုင်လားဆိုရင် ဆန်ဈေးက ရေမကြီးလည်းတက်တယ်။ ဒေါ်လာဈေးတက်ရင်လည်း တက်တယ်။ မြန်မာပြည်မှာ စိုက်တဲ့ဆန်၊ မြန်မာပြည်က ကြိတ်ခွဲမှု၊ မြန်မာပြည်ဈေးကွက်ထဲ ဖြန့်တာကို ဘာကြောင့် ဈေးနှုန်းမတည်ငြိမ်တာလဲ။ အဲဒါအနှစ်ချုပ်။ ဆန်ဈေးတက်အောင် ဘယ်သူတွေက Control လုပ်နေတာလဲ။ ဈေးနှုန်းတည်ငြိမ် မှန်ကန်ရေးအတွက်က ကုန်ဈေး နှုန်းမှာဗျာ ဆန်ဈေးလေးတစ်ခုကို တည်ငြိမ်အောင် ထိန်းနိုင်ရင်ကို တော်တော်အဆင်ပြေတယ်။ သူတို့သတ်မှတ်တဲ့ ဆန်ဈေးအ တိုင်းရောင်းတဲ့ ဆိုင်တွေကလည်း ရောင်းပါတယ်။ ကြောက်အားလန့်အားနဲ့ ဆန်ကတော့ မပြတ်သွားဘူး။ အရန်ဆန်အင်အားတွေလည်း ရှိတယ်။ ဆန်စပါးအသင်းချုပ်မှာ လည်း ရှိပါတယ်။ ဒါပေမဲ့ ဒါကိုအခွင့်ကောင်း ယူပြီးတော့ ဈေးတက်မယ့်ကောင်ကတော့ စောင့်နေမှာပဲ။ ဒီနေ့ စိုက်၊ ဒီနေ့သီး၊ ဒီနေ့ ဆန်စက်ပို့တာမှ မဟုတ်တာ။ ဒီလောက်အနေအထားနဲ့ ဆန်ဈေးတွေ တက်လာလို့မရဘူးဆိုတာ သတင်းကိုကြိုတင် ကာကွယ်ထားဖို့တော့ လိုအပ်ပါတယ်။ ပဲခူးတိုင်းမြုပ်ပေမယ့် ဧရာဝတီတိုင်းအား လုံးမှမမြုပ်တာ။ ရေလွှမ်းဧရိယာက ဘယ်လောက်ရှိမလဲ။ တချို့ကလည်း ပြောရရင် မကောင်းဘူးဗျ။ ၁၀ ဧက မြုပ်ရင် ဧကတစ်ရာလောက် အမြုပ်ပြချင်ပြတာဗျ။ အမြုပ်ပြတာ ကိုယ်တွေက သိနေတော့ ခက်တယ်ဗျ"ဟု ၎င်းကပြောသည်။
မြန်မာနိုင်ငံ၏ ဒေသအချို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် မိုးစပါးစိုက် လယ်မြေအချို့တွင် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်လျက်ရှိရာ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်သည့် မိုးစပါးဧရိယာများကို စာရင်းကောက်ယူ၍ မျိုးစပါး၊ မြေသြဇာနှင့် စိုက်ပျိုးရေးဆေးများ ပံ့ပိုးပေးသွားမည်ဖြစ် ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က သတင်းထုတ်ပြန်ထားသည်။
လတ်တလော အခြေအနေအရ ပဲခူးမြို့အပါအဝင် ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း သာယာ ဝတီ၊ လက်ပံတန်း၊ မင်းလှ၊ ကြို့ပင်ကောက်၊ မိုးညိုမြိုနယ်အနီးအနား ကျေးရွာများ မြစ်မခမြစ်ရေလျှံ၍ လယ်ဧက သောင်းနှင့်ချီ၍ ရေကြီးနစ်မြုပ်နေကြောင်း ဒေသခံတောင်သူများ၏ ပြောကြားချက်အရ သိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၃-၂၄ ခုနှစ်တွင် သီးနှံစိုက်စွမ်းအား ၁၉၁ ဒသမ ၀၅ ရာခိုင်နှုန်း၊ သီးထပ်စွမ်းအား ၈၈ ဒသမ ၂၈ ရာခိုင်းနှုန်းရရှိခဲ့ရာမှ ၂၀၂၄-၂၅ ခုနှစ်တွင် သီးနှံစိုက်စွမ်းအား ၁၉၃ ဒသ မ ၂၉ ရာခိုင်နှုန်းနှင့် သီးထပ်စွမ်းအား ၉၀ ဒသမ ၅၂ ရာခိုင်နှုန်း တိုးတက်ရရှိနိုင်ရေး မျှော်မှန်း ဆောင်ရွက်လျက်ရှိကြောင်း ပဲခူး တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အချက်အလက်များအရ သိရသည်။
အလားတူ မိုးရွာသွန်းခြင်း၊ မြစ် ရေတက်ခြင်း၊ တောင်ကျရေနှင့် ချောင်းရေ တက်မှုများကြောင့် ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း ဒေသကြီးရှိ စပါးစိုက်ခင်းများ သိန်းနှင့်ချီ၍ ရေကြီးနစ်မြုပ်နေကြောင်း သိရသည်။