၂၀၂၃ စက်တင်ဘာ ၅
လက်လီဈေးကွက်အတွင်း စားသုံးဆီများဝယ်ယူရာတွင် ယခင်ဈေးနှုန်းအတိုင်း အမြင့်ဈေးဖြင့်ဆက်လက်ရောင်းချနေပါက ဝယ်ယူစားသုံးခြင်းမပြုရန်နှင့် စားသုံးသူရေးရာဦးစီးဌာနသို တိုင်ကြားနိုင်ကြောင်း အဆိုပါဌာနမှ အသိပေးထုတ်ပြန်ထားသည်။
အဆိုပါ စားသုံးဆီကိုဈေးမြင့်ရောင်းချနေခြင်းရှိပါက စားသုံးသူရေးရာဦးစီးဌာန၏ Call Center၁၅၃၅ ၊ စားသုံးသူရေးရာဦးစီးဌာန Facebook Page နှင့် တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများ၏ Facebook Page များသို ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပေးထားခြင်း ဖြစ်သည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံး သူရေးရာဦးစီးဌာနအနေဖြင့် ပြည်ပမှတင်သွင်းဖြန့်ဖြူးရောင်းချနေသည့် စားအုန်းဆီလက်လီဈေးနှုန်းများ ကြီးမြင့်နေမှုအပေါ် ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးနိုင်ရေးအတွက် ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း၊ ဆီတင်သွင်းသည့် ကုမ္ပဏီများနှင့်ညှိနှိင်း၍ သက်သာသောဈေးနှုန်းများဖြင့် ပိုဆောင်ဖြန့်ဖြူးပေးနိုင်ရေးအတွက် စီမံဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့်သိုလှောင်ခြင်းနှင့် မသမာသည့်လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။