ဆန်၊ ဆန်ကွဲ နိုင်ငံတကာဈေးကွက် ရည်မှန်းချက် ပြည့်မီအောင်တင်ပို့နေ

ရန်ကုန်၊ ဇူလိုင် ၂၃
    ဆန်၊ ဆန်ကွဲ နိုင်ငံတကာဈေးကွက်တွင် ဈေးနှုန်းနှင့်ဝယ်လိုအား ကျဆင်းနေသော်လည်း ရည်မှန်းချက်ပြည့်မီအောင်  တင်ပို့မှုရှိနေကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ ပြောသည်။
    ၂၀၂၅ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ပြီး နိုင်ငံတကာဈေးကွက်တွင် ဆန်ဈေးနှုန်းများ ဆက်တိုက်ကျဆင်းကာ ဝယ်လိုအား လျော့နည်းနေသော်လည်း မြန်မာနိုင်ငံ၏ ပုံမှန်ဝယ်လက်များထံ လစဉ် ပို့ကုန်ရည် မှန်းချက်ကို ပြည့်မီစွာ တင်ပို့လျက်ရှိကြောင်း သိရသည်။
    "လက်ရှိက နိုင်ငံတကာဈေးကွက်မှာ ဆန်၊ ဆန်ကွဲဈေးတွေ ဆက်တိုက်ကျဆင်း နေတဲ့ အခြေအနေတွေကို ဆန်စပါးတင်ပို့တဲ့ နိုင်ငံအားလုံးမှာ ပေါ်ပေါက်နေတာပါ။ အဲဒီအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပြီး မြှင့်တင်လုပ်ဆောင်နေကြပါတယ်"ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဘက်မှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။
    နိုင်ငံတကာ ဈေးကွက်အတွက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် ပို့ကုန်ကုမ္ပဏီများ နှင့်ပူးပေါင်းပြီး ဆန်၊ ဆန်ကွဲ ပြည်ပတင်ပို့မှု လုပ်ငန်းများကို ပြည်ပနိုင်ငံများအထိ သွား‌ရောက်၍ ဝယ်လက်များနှင့် တွေ့ဆုံညှိနှိုင်းကာ တင်ပို့ရောင်းချလျက် ရှိကြောင်း သိရသည်။
    မြန်မာနိုင်ငံ၏ ပုံမှန်ဝယ်လက်များဖြစ်သော ဥရောပနိုင်ငံများ၊ အာရှနှင့် အာဖရိကနိုင်ငံများမှ လတ်တလောဝယ်ယူမှုများ ရှိနေဆဲဖြစ်ပြီး ဈေးကွက်ဝေစုများ ထိန်းသိမ်းထားနိုင်၍ လစဉ် ပို့ကုန်ရည် မှန်းချက်ကို ပြည့်မီစွာ တင်ပို့လျက်ရှိကြောင်း သိရသည်။
    ယခုဘဏ္ဍာနှစ် ၂၀၂၅-၂၆ တွင် ဆန်၊ ဆန်ကွဲ တန်ချိန်သုံးသန်းတင်ပို့နိုင်ရန် လျာထားရာ လက်ရှိ ဇွန်လကုန်အထိ ပြည်ပသို့ ဆန်၊ ဆန်ကွဲ မက်ထရစ်တန်ချိန် ကိုးသိန်းကျော် တင်ပို့ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။
     ယခုကဲ့သို့ နိုင်ငံတကာ ဈေးကွက်ဆန်တင်ပို့မှုနှင့်ပတ်သက်ပြီး မြန်မာ၊ ကမ္ဘောဒီးယား၊ ထိုင်း၊ ဗီယက်နမ် စသည့် နိုင်ငံလေးနိုင်ငံမှ ပူးပေါင်းလုပ်ဆောင်သွားရန် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ထား ကြောင်း သိရသည်။
    ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက် ခြင်းများပြုလုပ်ရန် ပြီးခဲ့သည့် မတ်လပထမပတ်အတွင်း၌ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင် မြန်မာ၊ ကမ္ဘောဒီးယား၊ ထိုင်း၊ ဗီယက်နမ်လေးနိုင်ငံ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အဆိုပါ တွေ့ဆုံဆွေးနွေးမှုများအရ နိုင်ငံလေးနိုင်ငံလုံး၌ ဖြစ်ပေါ်နေသည့် ဆန်၊ ဆန်ကွဲဈေးနှုန်း ကိစ္စများ၊ တောင်သူများအတွက် ကုန်ကျစရိတ်လျှော့ချခြင်း၊ ရေရရှိရန်၊ ချေးငွေနှင့် မျိုးကောင်းမျိုးသန့် ရရှိရန် စသည်များအား ကူညီဆောင်ရွက်သွားကြရန် သဘောတူညီခဲ့ကြကြောင်း သိရသည်။
    မြန်မာ့ဆန်ကို ပြည်ပတင်ပို့ရာတွင် ပင်လယ်ရေကြောင်းမှ အဓိကအားထား တင်ပို့ကြပြီး ဥရောပ နိုင်ငံများမှ အများဆုံး ဝယ်ယူကာ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင် စသည့် နိုင်ငံများမှာ အရောင်းအဝယ်ရှိကြောင်း သိရသည်။ (ဖြူ)

Total Views ~ 77

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

48509

© 2022 - 2025 News. All Rights Reserved.