၂၀၂၃ ၊ ဒီဇင်ဘာ ၂၇
ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံနှင့်ပြောင်း ပို့ကုန်ရငွေ ရာခိုင်နှုန်း ၇၀ ကို စက်သုံးဆီတင် သွင်းခြင်းအတွက် သုံးစွဲခွင့်ပြုမည်ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ထုတ်ပြန်ချက်အရ သိရသည်။
UMFCCI က ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံနှင့် ပြောင်းတင်ပို့၍ရရှိသော ပို့ကုန်ရငွေဖြင့် စက်သုံးဆီ တင်သွင်းခြင်းတွင် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို လုပ်ငန်းရှင်များအနေဖြင့် သိရှိနိုင်ရန် အထက်ပါအတိုင်း အသိပေးခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ တော်ဗဟိုဘဏ်က အကောက်ခွန်ဦးစီးဌာနမှ ပေးပို့လာသော ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံနှင့် ပြောင်း တင်ပို့သည့် ကုမ္ပဏီတစ်ခုချင်း၏ ပို့ကုန်ကြေညာလွှာ (Export Declaration) စာရင်းများကို သက်ဆိုင်ရာ AD လိုင်စင်ရ ဘဏ်များသို့ ပေးပို့သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ထို့အပြင် ကုန်စည်တင်ပို့သူသည် ကုမ္ပဏီ၏ ပို့ကုန်ကြေညာလွှာ (Export De-claration)အရ သတ်မှတ်ရက်အတွင်း ဝင်ရောက်လာသည့် ပို့ကုန်ရငွေ၏ ရာခိုင်နှုန်း ၃၀ အနက်မှ ၃၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲလှယ်နှုန်းဖြင့် AD လိုင်စင်ရဘဏ်များက မြန်မာကျပ် ငွေဖြင့် တစ်ရက်အတွင်း လဲလှယ်ပေးမည်ဖြစ်ပြီး၊ ၆၅ ရာခိုင်နှုန်းအား နိုင်ငံခြားငွေကြေး ဈေးကွက် (Online Trading Platform)တွင် ဖြစ်ပေါ်နေသော ဈေးကွက်ပေါက်ဈေးဖြင့် AD လိုင်စင်ရဘဏ်များတွင် ရောင်းချရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကျန်ပို့ကုန်ရငွေ ရာခိုင်နှုန်း ၇၀ ကို သွင်းကုန် (စက်သုံးဆီ) တင်သွင်းခြင်းအတွက် ပြည်ပသို့ပေးချေရန် ကုမ္ပဏီ၏ နိုင်ငံခြားငွေစာရင်းတွင် ထည့်သွင်းထားရှိပေးမည် ဖြစ်ပြီး ကုမ္ပဏီမှကိုယ်တိုင် စက်သုံးဆီ တင်သွင်းခြင်းဖြစ်ပါက သွင်းကုန်အတွက်ပေး ချေရာတွင် ကုမ္ပဏီ၏ နိုင်ငံခြားငွေစာရင်းရှိ အဆိုပါ ပို့ကုန်ရငွေ ရာခိုင်နှုန်း ၇၀ မှ ပေးချေရန် UMFCCI မှ ထုတ်ပြန်ထားခြင်း ဖြစ် သည်။
ယင်းအပြင် စက်သုံးဆီတင်သွင်းသော ကုမ္ပဏီသို့ နိုင်ငံခြားငွေ(ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံနှင့် ပြောင်းတင်ပို့ခြင်းမှ ရရှိထားသော ပို့ကုန်ရငွေ ရာခိုင်နှုန်း ၇၀)အား ရောင်းချ မည်ဆိုပါက သက်ဆိုင်ရာ AD လိုင်စင်ရ ဘဏ်များမှ Online Trading Platform
တွင် တင်ပြ၍ အရောင်းအဝယ် ဆောင်ရွက်ရမည် ဖြစ်ပြီး ရောင်းချသူ၏ နိုင်ငံခြားငွေစာရင်းမှ ဝယ်ယူသူ၏ နိုင်ငံခြားငွေစာရင်းသို့ လွှဲ ပြောင်းပေးရန်နှင့် မတူညီသော ဘဏ်များအကြား လွှဲပြောင်းခြင်းကိုလည်း ဆောင်ရွက်နိုင် ကြောင်း၊ စက်သုံးဆီတင်သွင်းမည့် ကုမ္ပဏီမှ လိုင်စင်လျှောက်ထားရာတွင် ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံနှင့်ပြောင်း တင်ပို့ရာမှ ပို့ကုန်ရငွေရရှိ ထားကြောင်း(သို့မဟုတ်) ဆန်၊ ဆန်ကွဲ၊ ပဲ မျိုးစုံနှင့်ပြောင်း တင်ပို့သည့်ကုမ္ပဏီမှ ပို့ကုန်ရငွေအား ဝယ်ယူထားကြောင်း အထောက် အထားအဖြစ် AD လိုင်စင်ရဘဏ်များမှ ထုတ်ပေးသည့် Credit Advice နှင့် Bank Statement မူရင်းအား တင်ပြရမည်ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ် UMFCCI မှ ထုတ်ပြန်ခဲ့သည်။