နေပြည်တော်၊ ဇွန် ၄
ရှမ်းပြည်(တောင်ပိုင်း) ဆောင်းပြောင်းကျေးရွာကို တပ်မတော်နှင့် PNO အဖွဲ့တို့မှ ပြန်လည် ထိန်းချုပ်ရယူနိုင်ခဲ့ပြီး KNDF အကြမ်းဖက်အဖွဲ့သည် ဒေသခံများထံမှ ဆန်၊ ဆီ၊ ဆေး၊ ဆား မကျန် အဓမ္မယူဆောင်သွားကြောင်း PNO ပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင် ခွန်ထွန်းရွှေက ပြောသည်။
"ဆောင်းပြောင်းဘက်ကတော့ ကျွန်တော်တို့ ထိန်းချုပ်နိုင်ပြီ။ အခြေအနေကတော့ သူတို့က အင်အား ပြန်စုနေတယ်။ သို့ပေမယ့် ဖြစ်ပြီးသား အဟောင်းနေရာကတော့ သူတို့ပြန်ရရိုး ထုံးစံမရှိဘူး။ ကျွန်တော် တို့အတွေ့အကြုံအရပါ။ နောက်ဒေသခံတွေ ဆီက၊ တိုက်ပွဲရှောင်တွေဆီက သူတို့ယူသွားတဲ့ ပစ္စည်းတွေလည်း ကားကအစ၊ ဆိုင်ကယ်ကအစ စိုက်ပျိုးမျိုးစေ့တွေပါ အကုန်ယူသွားတာ။ သူတို့ တနင့်တပိုး ရသွားတာဆိုတော့ ပြန်လာမယ့် သဘောတော့ မရှိဘူးဗျ။ ဆောင်းပြောင်း ဒေသခံတွေ ဆီက ကား၊ ဆိုင်ကယ်၊ ဆန်၊ ဆီ၊ ဆေး၊ ဆား၊ ဓာတ်မြေသြဇာ၊ မျိုးစေ့တွေ ယူသွားကြတယ်။ ဆောင်းပြောင်းဒေသကို မေ ၂၈၊ ၂၉ ရက်က ပြန်ပြီးထိန်းချုပ် နိုင်ခဲ့တယ်။ တပ်မတော်နဲ့ ပူးပေါင်းဆောင် ရွက်မှု အဆင်ပြေပါတယ်။ ကောင်းပါတယ်။ အားနည်းချက်၊ အားသာချက်တော့ ရှိကြပါတယ်။ ဒေသတွင်း တည်ငြိမ်ဖို့အတွက် ကျွန်တော်တို့ကတော့ ကိုယ့်ဒေသကိုယ် အေးချမ်းသာယာရေး၊ လုံခြုံရေးကတော့ အမြဲတမ်း လုပ်ဆောင်နေပါတယ်။ ဒေသတွင်းမှာ လက်ရှိ ထိတွေ့မှုတော့ မရှိသေးပါဘူး"ဟု ၎င်းက ပြောသည်။
စစ်ရေးချဲ့ထွင်ရာတွင် အရေးနိမ့်ခဲ့သည့် KNDF အကြမ်းဖက်အဖွဲ့အနေဖြင့် အင်အားသစ် ပြန်လည်စုဆောင်းနေသည့် အရိပ်အယောင်များကို တွေ့ရှိရသောကြောင့် တစ်ကျော့ပြန်တိုက်ပွဲ ဖြစ်ပွားမည်ကို စိုးရိမ်ကြောင်း ပအိုဝ်းတိုင်းရင်းသား ဒေသခံတစ်ဦးက ပြောကြားသည်။
"ဒေသမှာ တိုက်ပွဲတွေပြင်းထန်လာနိုင်တယ်လို့လည်း စိုးရိမ်ကြတယ်။ လောလောဆယ် ဆောင်းပြောင်းကိုတော့ ဒီဘက်က ပြန်ပြီးထိန်းချုပ်ထားနိုင်ပြီ။ ဒါပေမဲ့ တစ်ဖက်ကလည်း စစ်အင်အားတွေ ပြင်ဆင်နေတယ်။ ပြန်ဝင်လာမယ့် အရိပ်အယောင် လှုပ်ရှားမှုတွေ ရှိနေတယ်။ တိုက်ပွဲပြန်ပြီး ပြင်းထန်လာမှာကိုတော့ စိုးရိမ်ကြတယ်။ ဒီဘက်က အဖွဲ့အစည်းကတော့ နယ်မြေချဲ့ ထွင်လာရင် ခုခံဖို့ အားလုံးပြင်ဆင်ထားတာ တွေ့ရတယ်"ဟု ၎င်းက ပြောသည်။
ရှမ်းပြည် (တောင်ပိုင်း) ပင် လောင်းမြို့နယ် ဆောင်းပြောင်းရွာတွင် ပြီးခဲ့သည့် မေ ၁၇ ရက်က စတင်ကာ KNDF အကြမ်းဖက်အဖွဲ့က စစ်ရေး စတင်ချဲ့ထွင်ခဲ့ ခြင်းဖြစ်ပြီး တပ်မတော်နှင့် PNO အဖွဲ့တို့မှ နယ်မြေအား ပြန်လည် စိုးမိုးရယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ကွန်းဈာန်