ရန်ကုန်၊ မေ ၂၂
မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဘုရားပွဲတော်ပိတ်ပွဲနှင့် တောင်တော်အပ်ပွဲကို မေ ၂၂ရက်(ကဆုန်လပြည့်နေ့)တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပ ခဲ့ပြီး လာရောက် ကြည်ညိုဖူးမြော်သူများဖြင့် အလွန်စည်ကားခဲ့သည်။
နှစ်စဉ်နှစ်တိုင်းပင် ဘုရားပွဲတော်ဖွင့်ပွဲနှင့် တောင်တော်ဖွင့်ပွဲအခမ်းအနားကို သီတင်းကျွတ် လပြည့်နေ့တွင် ကျင်းပပြီး ယခုကဲ့သို့ မိုးရာသီအကူးကာလနှင့် မိုးရာသီအတွင်း လာရောက်ကြည်ညို ဖူးမြော်ကြသည့် ဘုရားဖူးပြည်သူများ အန္တရာယ်မဖြစ် စေရန်ရည်ရွယ်၍ ကဆုန်လပြည့်နေ့တွင် ဘု ရားပွဲ တော်ပိတ်ပွဲအပြင် တောင်တော်အပ်ပွဲ အခမ်းအနားကို ကျင်းပခဲ့ခြင်းဖြစ်သည်။
စေတီတော် ရင်ပြင်တော်တွင် ကျင်းပသည့်အခမ်းအနားတွင် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် သြဝါဒါစရိယဆရာတော်များထံမှ သီလခံယူခြင်း၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ်ခြင်း၊ ကျိုက်ထီးရိုးတောင်အပါအဝင် တောင်တော် ၃၃ လုံးအား ဆိုင်ရာနတ်ဒေဝါများထံပြန် လည်အပ်နှံသည့် အခမ်အနားများ ကျင်းပခဲ့သည်။
မိုးဦးရာသီတွင် လာရောက်ကြည် ညိုဖူးမြော်ကြသူများအား အဆင်ပြေကြစေရန် တောင်တက်ကားများကို အလှည့်ကျစနစ်ဖြင့် ပြေးဆွဲပေးလျက်ရှိပြီး ဟိုတယ်များ၊ တည်းခိုခန်းများ၊ အခမဲ့တည်းခိုဆောင်များနှင့် စားသောက်ဆိုင်ခန်းများ စုံလင်စွာ ဖွင့်လှစ်ထားကြောင်း ဂေါပကအဖွဲ့မှ ဆိုသည်။
ကဆုန်လပြည့်နေ့ ပွဲတော်သို့ ဘုရားဖူးပြည်သူ ၅၀၀၀ ဝန်းကျင် လာရောက်ကြည်ညိုဖူးမြော်ခဲ့ပြီး ပုံမှန်အားဖြင့် အခြားရက်များတွင် ဘုရားဖူးခရီးသွား ၁,၀၀၀ ခန့်ဝင်ရောက်လျက်ရှိကာ ရုံးပိတ်ရက်များ တွင် ၁,၅၀၀ မှ ၂,၀၀၀ ကြားဝင်ရောက် လေ့ရှိကြောင်း ဂေါပကအဖွဲ့မှပြောသည်။
ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးတွင် ဒီဇင်ဘာမှ ဇန်နဝါရီအထိသည် အစည်ကား ဆုံးကာလဖြစ်ကာ နှစ်စဉ် ဘုရားဖူးပြည်သူသိန်းနှင့်ချီ၍ လာရောက်ဖူးမြော်လေ့ရှိပြီး ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် ပြည်တွင်း ပြည်ပဘုရားဖူးဧည့်သည် သုံးသိန်းကျော် လာရောက်ဖူးမြော်ခဲ့ကြောင်း သိရသည်