၂၀၂၃ ၊ မတ် ၁၄
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ နယ် ညောင်ရွှေအကျဉ်းထောင်တွင် အကျဉ်းသားအချို့ ထွက်ပြေးရန်ကြံစည်ရာမှ ဆူပူအကြမ်းဖက်မှုဖြစ်စဉ်ဖြစ်ပွားခဲ့ရာမှ အကျဉ်းသားတစ်ဦးမှာ သေဆုံးခဲ့ပြီးအကျဉ်းထောင်ဝန်ထမ်းနှစ်ဦးနှင့် အကျဉ်းသားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေး အဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။

ဖြစ်စဉ်မှာ ယနေ့(မတ် ၁၄) နံနက် ၈ နာရီခွဲအချိန်တွင် ညောင်ရွှေအကျဉ်းထောင်အတွင်းရှိ ၂ ထပ် အိပ် ဆောင်တစ်ခုမှ အကျဉ်းသား ၁၅ ဦးခန့်သည် အိပ် ဆောင်လှေကားရှိ သစ်သားလက်ရန်းတန်းများကို ချိုးဖျက်ပြီး အိပ်ဆောင်တာဝန်ကျအကျဉ်း ထောင်ဝန်ထမ်း ၂ ဦးအား ရိုက်နှက်တိုက်ခိုက်၍ အုတ်ရိုးကျော်တက်ထွက်ပြေးရန် ကြံစည်ကြိုးစားခဲ့ကြကြောင်း သိရသည်။

ဖြစ်စဉ်တွင် အကျဉ်းသား ၁၅ ဦးခန့်သည် ၎င်းတို့၏ အိပ်ဆောင်များရှိ လှေကားသစ်သားလက်ရန်းတန်းများကိုချိုးဖျက်၍ လက်နက်အဖြစ်အသုံးပြုခြင်း၊ ဝန်ထမ်းများအား အကြမ်းဖက်တိုက်ခိုက်ရန်မူခြင်းတို့ကို ပြုလုပ်ခဲ့ကြပြီး အိပ်ဆောင်ဝန်းအနောက်ဘက်မှတစ်ဆင့် အုတ်ရိုးကျော်တက်ထွက်ပြေးရန် ကြိုးစားခဲ့ကြရာ တာဝန်ကျဝန်ထမ်းများက အကြမ်းဖက်မှုများမပြုလုပ်ရန်ဖြောင်းဖျပြောဆိုခြင်း၊ မျှော်စင်တာဝန်ကျဝန်ထမ်းမှ သေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ်ခြင်းများဆောင်ရွက်ခဲ့သော်လည်း အကျဉ်းသားများသည် နာခံမှုမရှိဘဲ အော်ဟစ်ပြီး CCTV ကြိုးများဖျက်ဆီးခြင်း၊ ဆိုလာဓာတ်မီးတိုင်အား ဖျက်ဆီးခြင်း၊ အနီးပတ်ဝန်းကျင်ရှိ ခဲများဖြင့် အစောင့်ဝန်ထမ်းများအား ပစ်ပေါက်တိုက်ခိုက်ခြင်းများထပ်မံပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ ဆူပူမှုများကိုအကြောင်းပြု၍ အခြားအိပ်ဆောင်များရှိ အကျဉ်းသား/အချုပ်သားများမှလည်း ဆူပူမှုများ ထပ်မံမပြုလုပ်လာစေရေးနှင့် လုံခြုံရေးကျိုးပေါက်မှု မရှိစေရေးတို့အတွက်မျှော်စင်တာဝန်ကျဝန်ထမ်းမှ ဥပဒလုပ်ထုံးလုပ်နည်းနှင့်အညီ သေနတ် ၅ ချက်ခန့် ပစ်ခတ်၍ ယနေ့ နံနက် ၉ နာရီအချိန်တွင် အခြေအနေအား တည်ငြိမ်အောင်ထိန်းသိမ်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်ဖြစ်ပွားမှုကြောင့် အကျဉ်းထောင်ဝန်ထမ်းနှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး အကျဉ်းသားတစ်ဦးမှာ သေဆုံးခဲ့ကာ အကျဉ်းသားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ပဏာမစိစစ်မှုအရ သိရှိရသည်မှာ အကြမ်းဖက်ပြစ်မှုများ ကျူးလွန်ခဲ့ကြပြီး ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသားအချို့ မှဦး ဆောင်၍ ထွက်ပြေးရန် ကြံစည်ကြိုးပမ်းခဲ့ခြင်းကြောင့် အခြားအကျဉ်းသားများမှလည်း ပါဝင်ခဲ့ကြခြင်းဖြစ်ပြီး ဖြစ်စဉ်မှန်ပေါ်ပေါက်စေရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်စိစစ်ဖော် ထုတ်၍ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေး အဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။