နေပြည်တော်၊ ဇန်နဝါရီ ၁၃
တပ်မတော်တွင် ခိုင်မာသည့် Background ရှိသည့်အတွက် နိုင်ငံရေးအင်အားစုများအကြား ဝေဖန်ပြောဆိုနေကြသလို ရွေးကောက်ပွဲ မဖြစ်မြောက်ခဲ့ပါက အကျပ်အတည်း တွေ့နိုင်သည်ဟူသောကိစ္စမှာ မဖြစ်နိုင်ကြောင်း ပြည်သူ့ပါတီ ရန်ကုန်တိုင်း ဒေသကြီးဥက္ကဋ္ဌ ဦးလှဌေးက ပြော ဆိုလိုက်သည်။
"ရွေးကောက်ပွဲ မဖြစ်ရင် နစက အကျပ်အတည်း တွေ့မယ်ဆိုတဲ့ ကိစ္စရပ်။ နစကအနေနဲ့ အကျပ်အတည်းတွေ့စရာ အကြောင်းမရှိပါဘူး။ တစ်နည်းအားဖြင့် ပြောရရင် နစကဆိုတာက တပ်မတော်ရဲ့ Background ပေါ့။ ကျွန်တော်တို့ နိုင်ငံမှာ နဂိုကတည်းက တပ်မတော် ထူထောင်လာကတည်းက သူ့ရဲ့ Background ကို ခိုင်ခိုင်မာမာ ထူထောင်ထားပြီးသားဗျ။ စီးပွားရေးလုပ်ငန်းတွေက အစ၊ ရပ်တည်မှုက အစ၊ တပ်မတော်သားတွေရဲ့ ရှယ်ယာတွေနဲ့ ဦးပိုင်လို လုပ်ငန်းမျိုးတွေ၊ ဝင်ငွေရမယ့် လုပ် ငန်းတွေကအစ အကုန်လုံး သူ့မှာ စနစ်တကျ ပြင်ဆင်ထားပြီးသား။ တကယ် အကျပ် အတည်းဖြစ်ပြီး ဒုက္ခရောက်နေတာက ပြည်သူတွေက ဒုက္ခရောက်နေတာ။ တစ်နေ့ထက် တစ်နေ့ စစ်ပွဲတွေရဲ့ဆိုးကျိုး ဒဏ်ကြောင့် အကျပ်အတည်းတွေ၊ အခက်အခဲတွေ၊ စားဝတ်နေရေး ပြဿနာတွေ တော်တော်များများ က ပြည်သူကပဲ ခံစားရတာ။ စစ်မဖြစ်တဲ့ ဒေသက ပြည်သူတွေခံစားရတယ်။ ရန်ကုန် မြို့လိုနေရာက ပြည်သူတွေလည်း တစ်နေ့တခြားကို တော်တော် ဒုက္ခရောက်လာပြီးတော့ အကျပ်အတည်းကို ရောက် နေပြီ။ စစ်ဖြစ်တဲ့ ဧရိယာမှာရှိတဲ့ ပြည်သူလူထုကို စဉ်းစားကြည့်ပေါ့။ နေ့လား ညလား တော်ကြာနေ အပေါ်ကနေ ဘယ်အချိန် ဗုံးကျမှာလဲ။ သေမှာလား။ ရှင်မှာလား။ စားဝတ်နေရေးက ဘယ်လို လုပ်ကြမှာလဲ။ သူတို့တွေလည်း ရုန်းကန်နေရတာပဲ။ ဒီတိုင်းရင်းသားတွေ လည်း ဒုက္ခရောက်နေတယ်။ လက်နက်ကိုင်ထားတဲ့ ဘက်နှစ်ဖက်ကတော့ ရှိနေတယ်။ ဟိုဘက်လည်း လက်နက်ကိုင်ထားတယ်။ ဒီဘက်လည်း လက်နက်ကိုင်ထားတယ်။ သူတို့ကတော့ တိုက်နေကြမှာပဲ။ တိုက်နိုင်ဖို့အတွက်လည်း Background တွေက ပြင်ဆင်ပြီးသားဗျ။ တပ်မတော်ကလည်း တိုက်စရာ ရှိတာတိုက်မယ်။ သူလုပ်စရာ ရှိတာ လုပ်မယ်။ ဒါပေမဲ့ အကျပ်အတည်း ဖြစ်ဖို့ဆိုတာကတော့ သူတို့မှာ ဘာမှမရှိဘူး။ တကယ် ကျပ်တည်းနေတာက နိုင်ငံသူ နိုင်ငံသားတွေ ပြည်သူလူထုပဲ"ဟု ၎င်းကပြောသည်။

လက်ရှိအချိန်တွင် NSPNC၊ နိုင်ငံရေးပါတီများ 7 EAOs Alliance စသဖြင့် လစဉ်လတိုင်း နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လျက်ရှိပြီး တစ်ဖက်တွင်လည်း ရွေးကောက်ပွဲအတွက် ပြင်ဆင်နေကြတဲ့ အနေအထားကြောင့် ရွေးကောက်ပွဲအား ၉၅ ရာခိုင်နှုန်း မျှော်လင့်ထားကြောင်း ဦးလှဌေးက သုံးသပ်ပြောကြားသည်။
"ရွေးကောက်ပွဲနဲ့ပတ်သက်လို့ နစကဥက္ကဋ္ဌကိုယ်တိုင် အကြိမ်ကြိမ်ပြောတယ်။ နိုင်ငံတကာနဲ့ ပြောတဲ့အခါမှာလည်း ၂၀၂၅ မှာ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုတာကို နိုင်ငံကြီးတွေ အားလုံးကို ပြောနေတယ်။ ပြောနေတယ်ဆိုတာထက်စာရင် ကတိပေးနေတယ်လို့ ပြောရမှာပေါ့။ အဲဒီလို ကတိ ပေးထားတာ ဖြစ်တာကြောင့် ၂၀၂၅ မှာ ရွေးကောက်ပွဲကို ဖြစ်အောင် လုပ်လိမ့်မယ်။ ရွေးကောက်ပွဲကို ဖြစ်အောင် လုပ်ပြီးမှသာလျှင် လွှတ်တော်ကို ပေါ်ပေါက်အောင် လုပ်လိမ့်မယ်လို့ ကျွန်တော်တို့က ယူဆထားတယ်။ ဒီဘက်မှာ လက်တွေ့ မြင်နေရတာက NSPNC ရယ်၊ နိုင်ငံရေးပါတီတွေရယ်၊ 7 EAOs Alliance တွေက လတိုင်းလိုလို ပုံမှန်ဆွေးနွေးပွဲတွေ လုပ်နေတာ။ ၂၀၀၈ ဖွဲ့စည်း ပုံ အခြေခံဥပဒေကို ဘယ်လိုပြင်မလဲ။ ပြင်ပြီးရင် အဲဒီက သဘောတူညီချက်ကို လွှတ်တော်ထဲကို ယူသွားမယ်။ လွှတ်တော်ထဲမှာ အတည်ပြုမယ်။ ရှေ့ကိုဘယ်လို ပြဋ္ဌာန်းမယ်ဆိုတာတွေကအစ တောက် လျှောက်လုပ်နေတာတွေ တွေ့တယ်။ နောက်ထပ် ရွေးကောက်ပွဲ အတွက်ကိုပါ ပြင်ဆင်နေတယ်ဆိုတာကို ကြားတဲ့အခါကျတော့ ရွေးကောက်ပွဲကတော့ ၉၅ ရာခိုင်နှုန်း လုပ်လိမ့်မယ်လို့ ကျွန်တော်တို့က မျှော်လင့်ထားတယ်" ဟု ၎င်းကဆိုသည်။
နိုင်ငံ တည်ငြိမ်အေးချမ်းစေရန်နှင့် ကောင်းမွန်သည့် အပြောင်းအလဲတစ်ခုအတွက် ရွေးကောက်ပွဲ လမ်းကြောင်းက အကောင်းဆုံးဖြစ်ပြီး ရွေးကောက်ပွဲပြုလုပ်၍ရသည့် အခြေအနေမှာ ရာခိုင်နှုန်း ၅၀ ကျော်တွင်ရှိကြောင်း ပအိုဝ်းအမျိုးသားအဖွဲ့ ချုပ်ပါတီ (PNO) အတွင်းရေးမှူး(၂) စော ခွန်ကျော်ဝင်းက ပြောသည်။

"ရွေးကောက်ပွဲလမ်းကြောင်းအတိုင်း သွားတာက ကောင်းတယ်။ အဆင်ပြေသွားရင်တော့ အကောင်းဆုံးပါ။ တကယ်လို့ အဆင်မပြေဘူး။ အပြောင်းအလဲတစ်ခု ထပ်ဖြစ်မယ်ဆိုရင် လူထုကတော့ ဒုက္ခရောက်မှာ။ စားဝတ်နေရေး၊ အလုပ်အကိုင် အစရှိသဖြင့်၊ ဆိုတော့ အဆိုးဘက်ကို သွား မှာလား၊ အကောင်းဘက်ကို သွားမှာလား တစ်ခုခုတော့ ဖြတ်ကျော်ရမယ်။ လက်ရှိအနေအထားကတော့ ရွေး ကောက်ပွဲလုပ်လို့ရ တဲ့အနေအထားက ရာခိုင်နှုန်း ၅၀ ကျော်မှာ ရှိနေတယ်။ ကြားကာလထဲမှာ ဘာဖြစ်မယ် ဆိုတာကိုတော့ ဘယ်သူမှမပြောနိုင်ဘူး။ နစကဘက်ကတော့ တိုင်းပြည် တည်ငြိမ်အေး ချမ်းဖို့၊ တရားဥပဒေစိုးမိုးဖို့ ပြန်လုပ်နေတယ်။ ဆွေးနွေးညှိနှိုင်းနိုင်ရင်တော့ အကောင်းဆုံး ပေါ့ဗျာ။ ဘယ်အဖွဲ့အစည်းမှာမဆို ကိုယ်အားသာတဲ့အချိန် အပေါ်က စကားပြောကြတာမျိုး ရှိပါတယ်။ အားသာချိန်မှာ ဘယ်သူမှ မလျှော့ချင်ကြဘူး။ လက်ရှိအခြေအနေ အရတော့ ဆွေးနွေးကြတာ အကောင်းဆုံးပါ။ ပြည်သူလူထုရဲ့ ထိခိုက်မှုတွေနည်းအောင် အတ္တမာန လျှော့စေချင်ပါတယ်|ဟု ၎င်းက ပြောသည်။
ရွေးကောက်ပွဲကို အနှောင့်အယှက် ဖြစ်စေနိုင်သည့် စစ်ရေးပဋိပက္ခမှာ တိုင်းဒေသကြီးများတွင် ဖြစ်ပေါ်နေခြင်း မဟုတ်ဘဲ ပြည်နယ်များတွင် ဖြစ်ပေါ်နေ သည့်အတွက် ရွေးကောက်ပွဲ ကျင်းပနိုင်လျှင် နိုင်ငံအတွက် ကောင်းမွန်သည့် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း ဦးလှဌေးက ပြောသည်။
"အခုပြောနေတာကလည်း ရွေးကောက်ပွဲကို တစ်နိုင်ငံလုံး ကျင်းပမယ်လို့ ပြောနေတာ မဟုတ်ဘူး။ တည်ငြိမ်တဲ့၊ အေးချမ်းတဲ့ နယ်မြေတွေမှာ ကျင်းပမယ်လို့ ပြောတာ။ တစ်နည်းအားဖြင့် ပြောရင်တော့ ဗမာလူမျိုးစုတွေ အများဆုံးနေထိုင်တဲ့ နယ်မြေ တွေ၊ တိုင်းဒေသကြီးတွေမှာတော့ လုပ်ဖြစ်လိမ့်မယ်။ တိုင်းဒေသကြီးတွေမှာက ပြည်နယ်တွေမှာလို ဆိုးဆိုးရွားရွား ဖြစ်နေတဲ့ အခြေအနေမရှိဘူး။ ပြည်နယ်တွေလို ဆိုးဆိုးရွားရွား ဖြစ်လာစရာ အကြောင်းလည်း မရှိဘူး။ လက်နက်ကိုင် တိုက်နေတယ်ဆိုတာက အများအားဖြင့် EAOs တိုင်းရင်းသားတွေ တိုက်နေတာ။ ဒီတိုင်းရင်းသားတွေရဲ့ ရည် ရွယ်ချက်က နဂိုကတည်းက သူတို့က သူတို့နယ်မြေအတွက် သူတို့ ဦးတည်တိုက်နေတာ။ တကယ်တမ်း တိုင်းဒေသကြီးတွေကို သူတို့စိတ်မဝင်စားဘူး။ ရခိုင်ကလည်း ရခိုင်ကိုပဲ လိုချင်တာပဲ။ ရှမ်းကလည်း ရှမ်းနယ်မြေလိုချင်တယ်။ ကချင်ကလည်း ကချင်နယ်မြေ လိုချင်တယ်။ သူတို့ အကျိုးစီး ပွား ဖြစ်ထွန်းမယ့်နေရာတွေကို သူတို့ ဦးတည်တိုက်နေတာ။ ဒီဘက် ဧရိယာတွေကို လာတိုက်ဖို့ဆိုတာကတော့ သူတို့တကယ်ကို စိတ်မဝင်စားပါဘူး။ သို့သော် တချို့အကြောင်းတရားနဲ့ အနည်းငယ် အယောင်ပြတာတွေ ရှိတာပေါ့ဗျာ။ ဘာပဲဖြစ်ဖြစ် တိုင်းဒေသကြီးတွေမှာ ရွေးကောက်ပွဲ လုပ်လို့ရတဲ့ ဧရိယာတွေ အများကြီး ရှိနေတယ်။ နစကဘက်ကလည်း သူကလည်း စနစ်တကျ တွက်ထားပြီးသားပါ။ ဘယ်နှမြို့နယ်ကို ရွေးကောက်ပွဲ လုပ်လို့ရမလဲ။ ကျွန်တော်တို့ သိထားသလောက် ၁၆၁ မြို့ နယ်က ရွေးကောက်ပွဲလုပ်လို့ရတဲ့ နယ်မြေဖြစ်တယ်ဆိုတာ သူတို့ဘက်ကနေ ပြင်ဆင်ထားပြီးသား ဖြစ်တယ်။ ဒါကြောင့် ရွေးကောက်ပွဲက ဖြစ်နိုင်တဲ့ အလားအလာ အများဆုံး ရှိနေပါတယ်။ သို့သော်လည်း တစ်ခုပဲ ရှိတာက နစကအနေနဲ့က အခြေအနေကောင်းနေတဲ့အချိန်မှာ အမြန်ဆုံး ကျင်းပနိုင်ရင်တော့ နိုင်ငံအပြောင်းအလဲအတွက် အကောင်းဆုံး အခြေအနေ တစ်ခုတော့ ရမှာပါ"ဟု ၎င်းကပြောသည်။
၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲ မကျင်းပနိုင်ပါက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အကျပ်အတည်း ပိုမိုရင်ဆိုင်ရမည်ဖြစ်ပြီး နိုင်ငံတကာ၏ ယုံကြည်မှုကို ဆုံးရှုံးရမည်ဖြစ်ကြောင်း ပြည်တွင်း သတင်းမီဒီယာတချို့က ထင်ကြေးပေး ဖော်ပြလျက်ရှိသည်။
ရွေးကောက်ပွဲကို ဖျက်ဆီးနှောင့်ယှက်ကြမည့် အကြမ်းဖက်အင်အားစုများရှိနေသော်လည်း နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲ ဖြစ်မြောက်လာစေရန် မျှော်မှန်းထားကြပြီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌအနေဖြင့်လည်း ၂၀၂၅ တွင် ရွေးကောက်ပွဲ ကျင်းပပြီး အနိုင်ရပါတီကို နိုင်ငံ့တာဝန် ပေးအပ်မည်ဖြစ်ကြောင်း ပြောကြားထားသည်။ ကွန်းဈာန်