ရန်ကုန်၊ နိုဝင်ဘာ ၆
တရုတ်နိုင်ငံ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(CFRD)၏ အကူအညီဖြင့် မြန်မာနိုင်ငံဟိုတယ်နှင့်ခရီး သွားလာရေးလုပ်ငန်း ဝန်ဆောင်မှု အရည်အသွေး မြှင့်တင်ရေး သင်တန်းများ ဖွင့်ပွဲအခမ်းအနားနှင့် မြန်မာနိုင်ငံတွင် တရုတ်ခရီးသွားဈေးကွက် မြှင့်တင်ရေး ဆွေးနွေးပွဲ ကို နိုဝင်ဘာလ ၄ ရက်တွင် ရန်ကုန်မြို့၌ ဖွင့်လှစ် ကျင်းပခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှသံမှူး Mr. Li Qianguo နှင့် ခရီးသွားလုပ်ငန်းမှ ကိုယ်စားလှယ်ပေါင်း ၁၅၀ ကျော် တက်ရောက်ခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအပေါ် တရုတ်နိုင်ငံ၏ ဂရုပြုမှုနှင့် ပံ့ပိုးကူညီမှုအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ နှစ်နိုင်ငံက ခရီးသွားကဏ္ဍတွင် အပြန်အလှန် ကူးလူးဖလှယ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းကို ဆက်လက်တိုး မြှင့်ခြင်းဖြင့် အစဉ်အလာ ချစ်ကြည်ရေးကို ခိုင်မာစေမည်ဟု မျှော်လင့်ပါကြောင်း ပြော ကြားခဲ့သည်။
ထို့အပြင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသံမှူး Mr. Li Qianguo က တရုတ်နိုင်ငံရဲ့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု အခြေအနေဖြင့် ခရီးသွားလုပ်ငန်း မြှင့်တင်ရေးမူဝါဒများကို ရှင်းလင်းပြောကြားခဲ့ပြီး Air China အရောင်းကိုယ်စားလှယ်မှ အပြည်ပြည်ဆိုင်ရာနှင့်ဒေသတွင်း လေကြောင်းခရီး စဉ်များကို မိတ်ဆက်ပေးခဲ့သည်။
သင်တန်းကို တရုတ်နိုင်ငံ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (CFRD)မှ အရင်း အနှီးထည့်ဝင်ကူညီ စီစဉ်၍ ရက်ပေါင်း ၂၀ ကြာကာ နည်းပညာ သစ်များ၊ ဧည့်လမ်းညွှန်များ၊ ခရီးသွား အေဂျင်စီများနှင့် ဟိုတယ်လုပ်ငန်းများအတွက် သင်တန်းအမျိုးမျိုး ဖွင့်လှစ်ကာ မြန်မာနိုင်ငံ ဒေသအသီးသီးမှ သင်တန်းသား သင်တန်းသူပေါင်း ၂၄၀ ကျော် တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။ ထူးမြတ်