Breaking

တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံကြသူများနှင့်  ကုန်သွယ်မှုဆောင်ရွက်သူများအတွက် နစ်နာမှုမရှိစေရေး ကြိုးပမ်းဆောင်ရွက်ပေးသွားမည်ဟု ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ  ပြောကြား

ရန်ကုန် ၊ စက်တင်ဘာ ၁

 မြန်မာနိုင်ငံနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများအတွက် ယုံယုံကြည်ကြည်ဖြင့် လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်အပ်ကြောင်းနှင့် တရုတ်နိုင်ငံမှ  မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံကြသူများ၊ ကုန်သွယ်မှုဆောင်ရွက်သူများအတွက် နစ်နာမှုမရှိစေရေး ကြိုးပမ်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ပြောကြားခဲ့သည်။
 တရုတ်ပြည်သူ့သမ္မတနိုင်ငံ တီယန်ကျင်းမြို့ Tangla Hotel ၌ ဩဂုတ် ၃၁ ရက်က ဒေသစံတော်ချိန် နံနက် ၉ နာရီတွင်ကျင်းပပြုလုပ်သည့် မြန်မာ-တရုတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးတွေ့ဆုံပွဲသို့ ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်အမှာစကားပြောကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့သည်။

 " မိမိတို့အနေဖြင့် နှစ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်ရေးဂိတ်များမှတစ်ဆင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့ကို ယခုထက်ပိုမိုတိုးမြှင့်သွားလိုကြောင်း၊ ထို့ကြောင့် မိမိတို့၏ မိတ်ဖက်စီးပွားရေး လုပ်ငန်းရှင်များအတွက် အကျိုးခံစားခွင့်များနှင့် အခွန်ကင်းလွတ်သက်သာခွင့်များကို သိသာစွာပံ့ပိုးပေးထားသည့်အပြင် မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံကြသူများ၊ ကုန်သွယ်မှုဆောင်ရွက်သူများအတွက် နစ်နာမှုမရှိစေရေး ကြိုးပမ်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း" ထည့်သွင်းပြောကြားခဲ့သည်။

 ထို့အပြင် တရုတ်နိုင်ငံက ကြီးမှူးဆောင်ရွက်နေသည့် ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု ဦးဆောင်ဦးရွက်ပြုမှုအစီအစဉ် (Global Development Initiatives-GDI) တွင် ပါဝင်သည့် ဦးစားပေးနယ်ပယ် ၈ ခုတွင် မြန်မာနိုင်ငံနှင့် ကိုက်ညီသည့် ကဏ္ဍများစွာ ပါဝင်နေခြင်းကြောင့် မိမိတို့မြန်မာနိုင်ငံသည် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ရန် အခွင့်အလမ်းများစွာရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် တရုတ်မိတ်ဖက်စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် လုပ်ငန်းလည်ပတ်လုပ်ဆောင်ရန် လွယ်ကူချောမွေ့စေရန်ရည်ရွယ်ပြီး ကုန်သွယ်မှု၊ နယ်စပ်ငွေလွှဲပြောင်းပေးချေမှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရာတွင် ယွမ်-ကျပ် တိုက်ရိုက်ငွေပေးချေမှုစနစ်ကိုအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

 ယခုကဲ့သို့ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ စီးပွားရေးလုပ်ငန်းရှင်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် နှစ်နိုင်ငံအကြားများစွာ အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှု အလားအလာများကို မျှဝေဆွေးနွေးခွင့်ရရှိသည့်အတွက် အထူးပင်ဝမ်း မြောက်မိကြောင်း၊ ယခုတွေ့ဆုံဆွေးနွေးပွဲမှတစ်ဆင့် နှစ်နိုင်ငံအကြား ဆက်ဆံရေး ရေရှည်တည်တံ့ခိုင်မြဲပြီး အနာဂတ်တွင် ပိုမိုကောင်းမွန်သည့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်နိုင်မည်ဟု ယုံကြည်ပါကြောင်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အများဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံသည့် နိုင်ငံပေါင်း ၅၃ နိုင်ငံအနက်အဆင့် ၂ နေရာတွင်ရှိနေကြောင်း၊ မိမိတို့နှစ်နိုင်ငံအကြား ကုန်သွယ်မှုတန်ဖိုးသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၈၀၀၀ ကျော်၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် စုစုပေါင်းအမေရိကန်ဒေါ်လာ သန်း ၇၇၀၀ ကျော်နှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ဇူလိုင်လအထိ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၃၀၀၀ ကျော်ရှိသည့်အတွက် နှစ်နိုင်ငံအကြားကုန်သွယ်မှုခိုင်မာအားကောင်းနေသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိ ယနိုင်ငံတို့အကြားတွင် နယ်နိမိတ်ချင်းထိစပ်တည်ရှိနေသည့်အတွက် ကုန်သွယ်မှုများပြုလုပ်ရန် အခွင့်အလမ်းများစွာရှိသည့် နိုင်ငံဖြစ်သည့်အပြင် မြန်မာနိုင်ငံသည် တောင်အာရှ၊ အရှေ့တောင်အာရှနှင့် တရုတ်နိုင်ငံတို့ ဆုံစည်းရာနေရာတွင် ပထဝီအနေအထားအရ အချက်အချာကျကျတည်ရှိလျက်ရှိကြောင်း၊ လမ်းပန်းဆက်သွယ်မှုအနေဖြင့်လည်း လမ်းဆုံနေရာတွင် တည်ရှိနေပြီး တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ကို ဖန်တီးပေးနိုင်မည့် နိုင်ငံဖြစ်၍ လမ်းပန်းဆက်သွယ်ရေးကဏ္ဍနှင့် အခြေခံအဆောက်အအုံကဏ္ဍများသည် တရုတ်နိုင်ငံအတွက် အလားအလာကောင်းများရှိကြောင်း အသိပေးပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) သဘောတူစာချုပ်ကို အတည်ပြုခဲ့သည့် ပထမဆုံးနိုင်ငံများအနက် တစ်နိုင်ငံဖြစ်ပြီး တရုတ်နိုင်ငံသည် မြန်မာနိုင်ငံကို RCEP သဘောတူစာချုပ်တွင် ၂၀၂၂ ခုနှစ်၊ မေလ ၁ ရက်တွင် စတင်အသက်ဝင်ခဲ့သည်ကို အတည်ပြုပေးခဲ့ကြောင်း၊ RCEP သဘောတူစာချုပ်အပြင် တရုတ်-မြန်မာနှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ်၊ အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုဒေသဆိုင်ရာ သဘောတူစာချုပ် (ACFTA) နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေပါ အကာအကွယ်ပေးရေးနှင့် လွယ်ကူချောမွေ့စေရေးအစီအမံများကြောင့် မိမိတို့နှစ်နိုင်ငံအကြားအပြင် ဒေသတွင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကိုပါ ခိုင်ခိုင်မာမာတိုးမြှင့်ဆောင်ရွက်သွားနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မှ ပြောကြားခဲ့သည်။

  ထို့နောက် တက်ရောက်လာကြသည့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသည့် ပုဂ္ဂိုလ်များနှင့် ရင်းနှီးမြှုပ်နှံထားသည့် တရုတ်နိုင်ငံကုမ္ပဏီများမှ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် မြန်မာနိုင်ငံမှ ချမှတ်ထားသည့် ပို့ကုန်သွင်းကုန်မူဝါဒများ၊ မြန်မာနိုင်ငံ၌ EV ကားများ တပ်ဆင်ထုတ်လုပ်နေမှုလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှုများ ထပ်မံတိုးချဲ့ဆောင်ရွက်လိုမှုနှင့် အခွန်နှုန်းထားများ၊နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းနှင့် စွန့်ပစ်အမှိုက်များအသုံးပြု၍ စွမ်းအင်ထုတ်လုပ်ခြင်း လုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံ မှုများ ဆောင်ရွက်လိုမှု၊ မြန်မာနိုင်ငံ၏ သတ္တုတူးဖော်ရေးလုပ်ငန်းများအဆင့် မြှင့်တင်နိုင်ရေးနှင့် စွမ်းအင်ထုတ်လုပ်ရေးကဏ္ဍ မြှင့်တင်နိုင်ရေးလုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်လိုမှု၊ သယံဇာတများ ထုတ်ယူသုံးစွဲခြင်းကြောင့် သဘာဝပတ် ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများတွင် ဆောင်ရွက်လိုမှုများနှင့် ရင်းနှီး မြှုပ်နှံမှုများ ဆောင်ရွက်ရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများအပေါ် မြန်မာနိုင်ငံအစိုးရမှ ဖြေရှင်းပေးနိုင်မည့် အခြေအနေများ၊ ကုမ္ပဏီများအလိုက်မှ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် မြန်မာနိုင်ငံမှ ချမှတ်ထားသည့် ပို့ကုန်သွင်းကုန်မူဝါဒများအား သိရှိလိုမှု၊ နှစ်နိုင်ငံစီးပွားဆက်သွယ်မှုလမ်းကြောင်းများအား ယခုထက် ပိုမိုပွင့်လန်းလာစေရေး ဆောင် ရွက်နိုင်ရန်လိုအပ်မှု၊ ရင်းနှီးမြှုပ်နှံမှုအကာအကွယ်ပေးရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန်လိုအပ်မှု၊ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှ မြန်မာ နိုင်ငံနှင့် နိုင်ငံသားတို့အတွက် အကျိုးကျေးဇူးများစွာကို ဖော်ဆောင်ပေးနိုင်မည့် အခြေအနေများ၊ ယခုကဲ့သို့ တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ၏ သိရှိလိုသည်များ မေးမြန်းမှုအပေါ် အချိန်ပေး၍ လက်ခံဖြေကြားဆွေးနွေးပေးသည့်အတွက် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌအား အထူးပင်ကျေး ဇူးတင်ရှိသည့် အခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာမေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား နားလည်မှုစာချွန်လွှာများလက်မှတ်ရေးထိုးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် ဆင်ဟွာသတင်းအေဂျင်စီတို့အကြား သတင်းဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်၊ မြန်မာ နိုင်ငံကုန် သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့် တရုတ်နိုင်ငံ အသေးစားနှင့် အလတ်စားလုပ်ငန်းများအသင်း (CASME) တို့အကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ မြန်မာ - အိန္ဒိယ - တရုတ် ပူးပေါင်းဆောင်ရွက်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအသင်း (MICA) နှင့် တရုတ်နိုင်ငံအသေးစားနှင့် အလတ်စားလုပ်ငန်းများအသင်း (CASME) တို့အကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ ရွှေသံလွင်ဟိုးလ်းဒင်းကုမ္ပဏီလီမိတက်နှင့် China Harbor Engineering Co.,Ltd. (CHEC) တို့အကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ Royal Green Ocean Co., Ltd. နှင့် Jiangxi Longzheng Technology Development Co., Ltd. တို့အကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ Yunnan Baoshan Hengyi Industrial Group Co., Ltd. (HYIG) နှင့် Transland Public Co., Ltd. (TPC) တို့အကြား ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ Platypus Public Co., Ltd. နှင့် China Enerever Solutions (Shanghai) Co., Ltd. တို့အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာတို့အား ပြည်ထောင်စုဝန်ကြီးများနှင့် သက်ဆိုင်ရာကုမ္ပဏီများမှ တာဝန်ရှိသူများက အသီးသီးလက်မှတ်ရေးထိုးခဲ့ကြကြောင်း သတင်းရရှိသည်။

Total Views ~ 10

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

50841

© 2022 - 2025 News. All Rights Reserved.