2023၊ ဇွန် ၂၄
နှစ်ပေါင်း ၁၀၀ ကျော်ကြာ သမုဒ္ဒရာကြမ်းပြင်မှာ နစ်မြုပ်နေတဲ့ ကမ္ဘာကျော် တိုက်တန်းနစ် သင်္ဘောပျက်ကြီးဆီ သွားရောက်လေ့လာရင်း ပျောက်ဆုံးသွားခဲ့တဲ့ တိုင်တန်ရေငုပ် သင်္ဘောပေါ် လိုက်ပါသွားခဲ့ကြသူတွေရဲ့ ရုပ်အလောင်းတွေကို ဘယ်တော့မှ ပြန်လည်ရှာ တွေ့နိုင်မှာ မဟုတ်ကြောင်း အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

ဇွန်လ ၂၂ ရက်တုန်းက အဝေးထိန်းရေယာဉ် ( ROV ) နဲ့ အိုးရှင်းဂိတ် တိုင်တန်ရဲ့ ဖိအား ပေးခန်းကို ပင်လယ်သမုဒ္ဒရာကြမ်းပြင်က တိုက်တန်းနစ်သင်္ဘောပျက်ကြီးရဲ့ ပေ ၁၆၀၀ ခန့်အကွာမှာ အခြားအပျက်အစီးတွေကြားထဲ တွေ့ရှိခဲ့တာဖြစ်ပါတယ်။
“ ဒါက ပင်လယ်ကြမ်းပြင်မှာ မယုံနိုင်စရာကောင်းတဲ့ စိတ်မကောင်းဖြစ်စရာ ပတ်ဝန်း ကျင်တစ်ခုပါ။ အပျက်အစီးတွေက ရေငုပ်သင်္ဘောရဲ့ ဆိုးဆိုးရွားရွား ပေါက်ကွဲခဲ့တဲ့ အရာတွေနဲ့ ကိုက်ညီပါတယ်။

အဲ့ဒီနေရာမှာ ဆက်လက်ရှာဖွေမှုတွေ လုပ်ဆောင်သွားမှာဖြစ်ပေမယ့် ရှေ့ဆက်အလား အလာနဲ့ပတ်သက်ပြီး အဖြေတော့ မရှိသေးပါဘူး” လို့ အမေရိကန် ကမ်းရိုးတန်းစောင့် တပ် ရေတပ်ဗိုလ်ချုပ် ဂျွန် မူဂါရဲ့ ပြောကြားချက်ကို လွတ်လပ်တဲ့သတင်းဌာန ဖော်ပြ ချက်အရ သိရပါတယ်။
သင်္ဘောပျက်ရဲ့ အပျက်အစီးတည်နေရာဟာ မြောက်အတ္တလန္တိတ် သမုဒ္ဒရာက နယူးဖောင်းလန်းကမ်းရိုးတန်းကနေ မိုင် ၃၇၀ ခန့်အကွာမှာရှိနေတာဖြစ်ကာ ပေါက်ကွဲမှုဖြစ် ခဲ့တဲ့ အထောက်အထားတစ်စုံတစ်ရာကို ကောက်ယူနိုင်ခဲ့ခြင်းမရှိသေးကြောင်း ရေတပ် ဗိုလ်ချုပ်က ပြောကြားခဲ့ပါတယ်။