၂၀၂၃ ဇွန် ၅
ထိုင်းကို ပို့ပေးမယ်ဆိုပြီး အလုပ်သမား ၅၀၀ ဦးထံကနေ ကျပ်သိန်းပေါင်း တစ်သောင်းကျော် လိမ်လည်သည့် JMK အေဂျင်စီကို ကရင်ပြည်နယ်ရှိ အလုပ်သမားရုံးက ယနေ့ ခေါ်ယူတွေ့ဆုံတယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံ၊ ဖစ်ဘူရီမြို့၊ သုံးဘီးဆိုင်ကယ်စက်ရုံမှာ အလုပ်ရမယ်ဆိုပြီး အလုပ်သမား ၂၀၀ နဲ့ သံပန်းတံခါး အလုပ်တွေ လုပ်ကိုင်ရမယ်ဆိုပြီး အလုပ်သမား ၃၀၀ စုစုပေါင်း အလုပ်သမား ၅၀၀ ဦးထံကနေ ကျပ်သိန်း တစ်သောင်းကျော် လိမ်လည်ထား တာလို့ဆိုပါတယ်။
လက်ရှိအတွင် အဆိုပါ JMK အေဂျင်စီအနေနဲ့ အလုပ်သမားတွေကို ထိုင်းကို ပို့ပေးမယ်ဆိုတာ စာချုပ်ချုပ်ထားပြီး ၇ လခန့် ကြာသည့်အထိ မပို့ပေးတဲ့အပြင် အလုပ်သမားတွေရဲ ပတ်စ်ပို့တွေ သိမ်းဆည်းထားကာ ပိုက်ဆံလည်း ပြန်မပေးဘူးလို့ အလုပ်သမားတွေက ပြောကြားထားတာပါ။
ယင်းဖြစ်စဉ်ကို ကရင်ပြည်နယ် အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနကနေ အဆိုပါသတင်း အွန်လိုင်းပေါ် ပျံ့နှံ့လာတာကြောင့် စိစစ်မှု ခံယူရန်အတွက် ယနေ့ ဇွန်လ ၅ ရက်နေ့ နံနက် ၁၁ နာရီကတွေ့ဆုံခဲ့တယ်လို့ဆိုပါတယ်။
အဆိုပါ တွေ့ဆုံမှုနဲ့ပတ်သက်ပြီး အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနကတော့ အသေးစိတ် ထုတ်ပြန်ထားတာမျိုးတော့ မရှိသေးပါဘူး ။