ဒီမိုကရက်တစ်ပါတီ (MPD) ၊ ပြည်သူ့ရှေ့ဆောင်ပါတီ (People’s Pioneer Party)နှင့် အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်ပါတီ (၃) ခုကို UEC စစ်ဆေး

2023 ဇွန် ၂၅

မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးဖြစ်သော ရန်ကုန်အခြေစိုက် ပါတီ (၃) ခုကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်း ဥပဒေများနှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိ၊ မရှိကို ယမန် နေ့ ဇွန်လ (၂၄)ရက်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) မှ လာရောက် စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်စောဝင်း၊ ဦးအောင်မိုးမြင့်၊ ဦးကိုကိုလွင်နှင့် ဦးသန်းအောင်ကျော်တို့သည် ယမန်နေ့ နံနက်က ရန်ကုန်မြို့တိုင်းလွှတ်တော် ပယင်းခန်းမ၌ မြန်မာပြည်သူ့ ဒီမိုကရက်တစ်ပါတီ (MPD) ၊ ပြည်သူ့ရှေ့ဆောင်ပါတီ (People’s Pioneer Party)နှင့် အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်ပါတီတို့မှ ဥက္ကဋ္ဌ၊ အမှုဆောင်အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့် အညီ မှတ်ပုံတင်ခွင့်ပြုသည့် နေ့ရက်မှစ၍ ရက်ပေါင်း (၉၀) အတွင်း သတ်မှတ်ပါတီဝင် အင်အားပြည့်မီအောင်စည်းရုံးထားရှိရေး၊ ရက်ပေါင်း (၁၈၀) အတွင်း ပါတီရုံးခန်းများသတ်မှတ်အရေအတွက်အတိုင်း စနစ်တကျ ဖွင့်လှစ်ထားရှိရေး၊ ပါတီဘဏ္ဍာရေးစည်းမျဉ်းများကို ညွှန်ကြားချက်များနှင့်အညီ ရေးဆွဲဆောင်ရွက်ထားရှိရေး၊ ပါတီအလံနှင့် ဆိုင်းဘုတ်များ အသုံးပြုခြင်းကို ဥပဒေသတ်မှတ်ချက်များနှင့်အညီ စနစ်တကျ လိုက်နာဆောင်ရွက်သွားကြရန်မှာကြားခဲ့သည်။

စည်းရုံးရေးကာလအတွင်း ပြည်သူများ အနှောင့်အယှက်မဖြစ်စေရေးကိုလည်း သတိပြုအလေးထားဆောင်ရွက်သွားကြရန်၊ လာမည့်ရွေးကောက်ပွဲတွင် အချိုးကျကိုယ် စားပြုစနစ်(PR) ကျင့်သုံးသွားမည်ဖြစ်၍ မိမိပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်ခံရရန် အခွင့်အလမ်းပိုမိုရရှိလာနိုင်သည်ဖြစ်၍ ခိုင်မာအားကောင်းသည့် နိုင်ငံရေးပါတီများအဖြစ် လေ့ကျင့်ပြင်ဆင် တည်ဆောက်ထားကြရန် မှာကြားခဲ့ကြောင်းလည်း သိရသည်။

ထို့အပြင် ရွေးကောက်ပွဲ ပွင့်လင်းမြင်သာမှုရှိရေးအတွက် မဲစာရင်းပြုစုခြင်းနှင့် စိစစ်ခြင်း လုပ်ငန်းများတွင် နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်အဖွဲ့များ ပါဝင်ဆောင်ရွက်ခွင့်ပြုသွားမည်ဖြစ်၍ ရွေးကောက်ပွဲအောင်မြင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် UEC မှ တာ၀န်ရှိသူများက ရှင်းလင်းပြောကြားခဲ့သည်။

မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ (MPD) ဥက္ကဋ္ဌ ဦးဌေးကျော်၊ ပြည်သူ့ရှေ့ဆောင်ပါတီ (People’s Pioneer Par ty)ဥက္ကဋ္ဌ ဦးမြင့်မောင်ထွန်း၊ အမျိုးသားနိုင်ငံရေး မဟာမိတ်များ အဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ ဦးသိန်းကြည်တို့မှလည်း ပါတီလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို တင်ပြခဲ့ကြပြီး ကော်မရှင်အဖွဲ့ဝင်များက လိုအပ်သည်များ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Total Views ~ 173

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43523

© 2022 - 2025 News. All Rights Reserved.