Breaking

ဒေါ်လာဈေးကျသော်လည်း ဆေးဝါးနှင့် အခြေခံစားသောက်ကုန် ဈေးနှုန်းမကျခြင်းက အမျိုးသားရေး စိတ်ဓာတ်ခေါင်းပါးခြင်းကြောင့်ဟုဆို

နေပြည်တော်၊ စက်တင်ဘာ ၁၇
    ဒေါ်လာဈေးကျသော်လည်း ဆေးဝါးနှင့်အခြေခံစားသောက်ကုန်များ ဈေးနှုန်းမကျခြင်းမှာ အမျိုးသားရေးစိတ်ဓာတ်ခေါင်း ပါးခြင်းကြောင့်သာဖြစ်ကြောင်း စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က ပြောသည်။ 
    "ဒေါ်လာဈေးကျတယ်။ ဆေးဝါးတွေဈေးမကျတာကတော့ ဆေးသွင်းတဲ့ သူတွေရဲ့ လောဘ အပေါ်မှာလည်း မူတည်တယ်။ ဆေးဝါးတင်သွင်းတာကတော့ လောလောဆယ်အခြေအနေမှာ ခက်တာမှန်တယ်။ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်သွင်းရမှာကိုး။ အရင်တုန်းကလို အစိုးရက ဒေါ်လာ မရောင်း ပေးတော့ဘူး။ အခက်အခဲအပေါ်မူ တည်ပြီးတော့ပဲ ကုန်သည်ဆိုတာက ကစားကြတာ။ အဲဒီအခြေ အနေပေါ်မူတည်ပြီးတော့ပဲ ဆေးဝါးက ဈေးမကျတာ။ ထပ်တောင် တက်သွားသေးတယ်။ ဒါက သွင်းကုန်လိုင်စင် ရှားပါးမှုအပေါ်မူတည်ပြီးက စားကြတာ။ အခြေခံစားသောက်ကုန် ဈေး တက်တာကလည်း အခုဆိုရင် ဂေါ်ဖီထုပ် တစ်ထုပ်ကို ၇၀၀၀ လောက်ဖြစ်သွားပြီ။ ချဉ် ပေါင်တစ်စည်း ၆၀၀ ဖြစ်သွားပြီ။ ဘာကြောင့်ဖြစ်လဲဆိုတော့ ရေကြီးတာကို မျှဝေခံစားခြင်းမရှိဘဲနဲ့ ဈေးတက်ဖို့ပဲ စဉ်းစားတာပေါ့။ ကုန်သည်ဆိုတာ ဒါက ရှင်းရှင်းပြောရရင် အမျိုးသားရေးစိတ်ဓာတ်နည်းပါးတာ။ အမျိုးသားရေး စိတ်ဓာတ်ခေါင်းပါးလာတော့ ငါရငါယူ။ မျှဝေမခံစားဘဲ ဈေးကို ရသလောက်ဆွဲတင်တဲ့ ပြဿနာရှိတယ်။ ပြည်သူတွေကို နားလည်ရင်တော့ အများကြီးခံသာမှာပေါ့။ အခုက Sector အသီးသီးက စီးပွားရေးသမားက သူရသူယူ၊ ကိုယ်ရကိုယ်ယူသဘောဖြစ်နေတယ်။ ဈေးထဲကသူတွေ လည်းအတူတူပဲ။ တင်ရောင်းဖို့ပဲ စဉ်းစားကြတာ"ဟု ၎င်းကပြောသည်။ 
    လတ်တလော အခြေအနေအရ မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့် ပြည်နယ်တချို့တွင် ရေကြီးနစ်မြုပ်သည့် ဒဏ်ကြောင့် လမ်းတံတားများ ပျက်စီးခြင်း၊ စိုက်ပျိုးသီးနှံများ ပျက်စီးဆုံးရှုံးခြင်းကြောင့် ကုန်ဈေးနှုန်းမှာ ထပ်မံတက်ဖွယ်ရာရှိကြောင်း ဦးသက်ဇော်က သုံးသပ်ပြောဆိုသည်။ 
    "အစိုးရ တစ်ရပ်ကတော့ သူ့ဘာသာ လုပ်ဆောင်ရမယ့်ကိစ္စပါ။ ကျွန်တော်တို့က ဘာမှပြော လို့မရဘူး။ အောက်ခြေရဲ့ အချက်အလက်ကိုတော့ သုံးသပ်ရမယ်။ စိုက်ခင်းတွေ ပျက်သွားတယ်။ ကုန်ပစ္စည်းတွေ ထွက်မလာဘူး။ လမ်းပန်းဆက်သွယ်ရေးက ကြန့်ကြာနေတယ်။ လမ်းတံတားတွေ ပျက်သွားတဲ့အပေါ် မူတည်ပြီးတော့ ကုန်ဈေးနှုန်းကတော့ ထပ်တက်ဖို့ပဲရှိမယ်လို့ သုံးသပ်မိတယ်။ ဒေါ်လာဈေးကျရင်တော့ မြန်မာကျပ်ငွေတန်ဖိုးက မာလာမှာပဲ။ သို့သော် အခြေခံကျကျ မာတဲ့ပုံစံမျိုး ဖြစ်ဖို့လိုတယ်။ အယောင် ပြမာတာကတော့ သိပ်သဘောမကျဘူး"ဟု ၎င်းကပြောသည်။ 
    စက်တင်ဘာ ၁၆ ရက် နိုင်ငံခြားငွေလဲနှုန်းများမှာ မြန်မာနိုင်ငံတော်ဗဟို ဘဏ်ရည်ညွှန်း ငွေလဲနှုန်း အမေရိကန် တစ်ဒေါ်လာ ကျပ် ၂၁၀၀ ၊ ပြင်ပပေါက်ဈေး အမေရိကန်ဒေါ်လာရောင်းဈေးကျပ် ၅၁၅၀ နှင့် ဝယ်ဈေးကျပ် ၅၀၅၀ ကျပ်ဖြစ်ကြောင်း သိရသည်။ 
    ပြီးခဲ့သည့် သြဂုတ်လ ဒုတိယပတ်အတွင်း ရွှေနှင့် ဒေါ်လာဈေး စံချိန်တင် မြင့်တက်ခဲ့၍ ကုန်ဈေးနှုန်းများပါ လိုက်ပါမြင့်တက်ခဲ့သည်။ သို့သော် ယခု စက်တင်ဘာလအတွင်း ရွှေနှင့်ဒေါ်လာဈေး ပြန်လည်ကျ ဆင်းလာခဲ့ပြီဖြစ်သော်လည်း ကုန်ဈေးနှုန်းများမှာ လိုက်ပါ ကျဆင်းလာခြင်းမရှိတဲ့အပြင် ဆက်လက်မြင့်တက်လာနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ကွန်းဈာန်

Total Views ~ 199

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45389

© 2022 - 2025 News. All Rights Reserved.