နေပြည်တော်၊ ဇွန် ၄
နစကအစိုးရကို ဆန့်ကျင်သူများအား ရွေးကောက်ပွဲထက် ကောင်းမွန်သည့်နည်းလမ်း ရှိသလားဟု ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ပါတီ (PNO) အထွေထွေအတွင်းရေးမှူး (၂) စောခွန်ကျော်ဝင်း က ပြောသည်။
"ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ခံယူချက်တွေ မတူကြဘူး။ ရွေးကောက်ပွဲကို ထောက်ခံတာရှိ တယ်။ မထောက်ခံတာရှိတယ်။ မထောက်ခံတဲ့အဖွဲ့အစည်းကို အပစ်ရပ်ကြဖို့ တိုက်တွန်းရင်လည်း ထူးခြားမှု မရှိနိုင်ဘူး။ ဘယ်လမ်းကိုရွေးမလဲ။ ရွေးကောက်ပွဲထက် ကောင်းတဲ့လမ်းရှိမလား။ ရှိတယ် ဆိုရင်တော့ သူ့ခံယူချက်အတိုင်းပေါ့။ ရွေးကောက်ပွဲထက် ကောင်းတဲ့နည်းလမ်းမရှိဘူး ဆိုရင်တော့ လက်ခံရမယ်။ အားလုံးက အပစ်အခတ်ရပ်စဲပြီးတော့ ညှိနှိုင်းဆောင်ရွက်ပြီးတော့မှ ရွေးကောက်ပွဲ ကျင်းပရမယ်။ လာမယ့်အရပ်သားအစိုးရနဲ့ ပူးပေါင်းဆောင် ရွက်ရမယ်။ ရွေးကောက်ပွဲကို လက်မခံဘူး။ လက်နက်ကိုင် ဖြေရှင်းမယ်ဆိုရင်တော့ ကျွန်တော်တို့လည်း ဘာမှပြောလို့မရဘူး"ဟု ၎င်း ကပြော သည်။
ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပရန်အတွက် ဒေသအလိုက် တည်ငြိမ်မှုရှိစေရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့်လည်း အပစ်ရပ်ထားရန် လိုအပ်ကြောင်း စောခွန်ကျော်ဝင်းက ပြောသည်။
"အရင်တုန်းကလည်း အပစ်အခတ်ရပ်စဲမှုတွေ လုပ်ကြတယ်။ တချို့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေလည်း လုပ်ကြတယ်။ လက်တွေ့မြေပြင်မှာတော့ အကြောင်းအမျိုးမျိုးကြောင့် ဆက်ဖြစ်နေတယ်။ ကောင်းတာက အဲဒီလို ကြေညာလိုက်တယ်ဆိုရင် တစ်ဖက်သတ် လိုက်နာတာက အဆင်မပြေလောက်ဘူး။ ကောင်းတာကတော့ နှစ်ဖက်လုံးကြေညာရမယ်။ တိုက်ပွဲတွေမရှိမှ လူထုအနေနဲ့ ကြားကာလမှာ သွားရေးလာရေးကအစ အဆင်ပြေမယ်။ အလုပ်အကိုင်တွေလည်း အဆင်ပြေမယ်။ တစ်ဖက်က အပစ်ရပ်ကြေညာပြီး တစ်ဖက်က လာတိုက်ရင်လည်း ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ဖို့လိုတယ်"ဟု ၎င်းကပြောသည်။
ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ကျင်းပချိန်တွင် ဒေသအလိုက် တည်ငြိမ်အေးချမ်းမှုရှိရန် လိုအပ်သည့်အတွက် တပ်မတော်အနေဖြင့် ဇွန်လကုန်ထိ ယာယီပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးကို ထပ်မံတိုးမြှင့်လိုက်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ မေ ၃၁ ရက်တွင် ထုတ်ပြန်ထားသည်။ ကွန်းဈာန်