နစကအစိုးရ၏ ဖိတ်ခေါ်ကမ်းလှမ်းချက်က ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ကို ပစ်ခြင်းဖြစ်၊ တိုက်ပွဲများအတွင်း ငြီးငွေ့သူများ အလင်းဝင်လာနိုင် 

နေပြည်တော်၊ ဇူလိုင် ၈
    နစကအစိုးရ၏ ငြိမ်းချမ်းရေးနှင့် ရွေးကောက်ပွဲတွင် ပူးပေါင်း ပါဝင်ရန် ဖိတ် ခေါ်ကမ်းလှမ်းချက်က ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ကို ပစ်လိုက်ခြင်းဖြစ်ကြောင်း ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ  ဒေါ်စောမြရာဇာလင်းကပြောသည်။ 
    "လက်နက်ကိုင်တိုက်ခိုက်ကြတာ တွေကိုလျှော့ချပြီး ငြိမ်းချမ်းရေးကို ထိန်း ထိန်းသိမ်းသိမ်း လုပ်လိုက်ရင် ရွေးကောက်ပွဲကလည်း အောင်မြင်နိုင်တယ်။ တစ်ချက်ခုတ် နှစ်ချက်ပြတ်တဲ့ သဘောမျိုးတော့ ဖြစ်တာပေါ့။ နိုင်ငံငြိမ်းချမ်းဖို့ဆိုတဲ့ စဉ်းစားချက်တစ်ခုရယ် ငြိမ်းငြိမ်းချမ်းချမ်းရှိတဲ့နေရာမှာ ရွေးကောက်ပွဲက ကောင်းကောင်းမွန်မွန် လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ချက်ပေါ့ အဲဒီနှစ်ခု။ ရခိုင်ကတော့ တစ်ချက်ခုတ်နှစ်ချက်ပြတ် တယ်ပြောတယ်။ ဗမာကတော့ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ကို ပစ်လိုက်တယ်လို့ပဲ ယူဆတယ်။ လေးခွပစ်လိုက်တာ။ ပစ်မှတ်နှစ်ခုကို ထိမှန်အောင် ပစ်လိုက်တာ။ ကောင်းပါတယ်။ အားလုံး ငြိမ်းငြိမ်းချမ်းချမ်း သွားနိုင်ကြတယ်ဆိုရင် ကောင်းတယ်။ ဒေါသတွေ၊ မာန်မာနတွေကို လျှော့ပြီးတော့မှ စကားပြောနိုင်တဲ့အဆင့် ရောက်လာကြတယ်ဆိုတဲ့ အနေအထားကိုတော့ ကြိုဆိုရမှာပဲ"ဟု ၎င်းက ပြောသည်။ 
    ငြိမ်းချမ်းရေးနှင့် ရွေးကောက်ပွဲတွင် ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်လိုက်ခြင်းအားဖြင့် လက်နက်ကိုင် တိုက်ပွဲများအတွင်း  ငြီးငွေ့လာသူများကလည်း ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း ပြန်ရောက်လာနိုင်ကြောင်း ဒေါ် စောမြရာဇာလင်းက ပြောသည်။ 
    "ဖိတ်ခေါ်ထားတာတွေ့တယ်။ အရင်ကဆိုရင် နစကတစ်ဖွဲ့လုံးက ပြင်းပြင်းထန်ထန် ငြင်းဆန်တယ်။ အားလုံးနဲ့ တွေ့ဆုံဆွေးနွေးပါဆိုပြီး EAOs အဖွဲ့တွေက ပြောတဲ့အခါမှာ PDF တို့၊ NUG တို့၊ CRPH တို့ ဆိုရင် ပြင်းပြင်းထန်ထန် ငြင်းဆန်ခဲ့ဖူးတယ်။ တိုင်းနဲ့ပြည်နယ် အသီးသီးမှာ PDF တွေက ပြန့်ကျဲနေကြတာ။ တိုက်ပွဲတွေအတွင်းမှာလည်း PDF တွေက အများအားဖြင့် ကျဆုံးနေကြတာ တွေ့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒေါသမာနတွေကို ရှေ့တန်းတင်ပြီးတော့မှ တိုက်ချင်ခိုက်ချင်စိတ်တွေနဲ့ပဲ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်သွားကြတဲ့သဘောမျိုး ဖြစ်ပါတယ်။ ပြည်မမှာရှိနေကြတဲ့ ကလေးတွေပေါ့လေ။ အဲဒီလိုဆိုတော့ အခုလိုမျိုး ငြိမ်းချမ်းရေးမှာ၊ ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်လိုက်ခြင်းအားဖြင့် လက်နက်ကိုင်တော်လှန်ရေးထဲမှာ ငြီးငွေ့လာတဲ့ လူတွေကလည်း အထဲကို ပြန်ရောက်လာနိုင်တယ်"ဟု ၎င်းကပြောသည်။ 
    မကြာခင် ကျင်းပရန်စီစဉ်ထားသော ရွေးကောက်ပွဲကို ပူးပေါင်းရန် PDF နှင့်လက်နက်ကိုင် အဖွဲ့အစည်းများကို နစကအစိုးရက ဖိတ်ခေါ်ကမ်းလှမ်းကြောင်း ဇူလိုင် ၄ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။
    ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကြီးနှင့်ကိုက်ညီသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးတို့သည် ကျင်းပရန်ရှိသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးမှ ထွက်ပေါ်လာမည့် လွှတ်တော်၊ အစိုးရတို့နှင့် ဆက်လက်ညှိနှိုင်းဆွေးနွေး ဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း နစကသတင်းထုတ် ပြန်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။
    PDF များအပါအဝင် လက်နက်ကိုင်အုပ်စုများအနေဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေးကို မျှော်မှန်းကာ ဥပဒေဘောင်အတွင်း တရားဝင်ရပ် တည်ပြီး နိုင်ငံတော် အစိုးရ၊ တပ်မတော်နှင့်လက်တွဲ၍ နိုင်ငံတော်အကျိုး၊ ဒေသအကျိုးကို ဖော်ဆောင်မည်ဆိုပါက နိုင်ငံတော်အစိုးရနှင့် တပ်မတော်က ကြိုဆိုလက်ခံမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ကွန်းဈာန်

Total Views ~ 65

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

48516

© 2022 - 2025 News. All Rights Reserved.