Breaking

နယ်မြေဒေသ အေးချမ်းသွားပါက သံတွဲမြို့နယ်အတွင်းရှိ သူဌေးရေအားလျှပ်စစ် စီမံကိန်းကို  အမြန်ပြီးစီးနိုင်ရေး စီမံဆောင်ရွက်သွားမည်

ရန်ကုန်၊ ဇွန် ၁၀
    နယ်မြေဒေသ အေးချမ်းသွားပါက ရခိုင်ပြည်နယ် သံတွဲမြို့နယ်အတွင်းရှိ သူဌေးရေအား လျှပ်စစ်စီမံကိန်းကို အမြန်ပြီးစီးနိုင်ရေး စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။
    သူဌေးချောင်း ရေအားလျှပ်စစ် စီမံကိန်းသည် ၂၀၂၅-၂၆ ဘဏ္ဍာနှစ်မှာ စီမံကိန်းရာနှုန်းပြည့် ပြီးစီးမည်ဟု မူလက ရည်ရွယ်ထားသည်ကို တွေ့ရပြီး ၂၀၂၃ ခုနှစ် နိုဝင်ဘာလအထိ စီမံကိန်းလုပ်ငန်း တစ်ခုလုံး၏ ၇၈ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ကြောင်း သိ ရသည်။ 
    သို့သော် ရခိုင်ပြည်နယ်အတွင်း AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ ဝင်ရောက်လာပြီး သံတွဲမြို့နယ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည့်အတွက် ယင်းစီမံကိန်း ဆက်လက်ဆောင်ရွက်နေခြင်း ရှိ,မရှိ၊ AA အကြမ်းဖက်အဖွဲ့၏ လုပ်ရပ်ကြောင့် နစ်နာဆုံးရှုံးမှုအခြေအနေတို့နှင့် သတင်းမီဒီယာတစ်ခုက မေးမြန်းခဲ့ရာ လတ်တလောတွင် သူဌေးရေအားလျှပ်စစ်စီမံကိန်း အဆောက်အအုံများ၊ တည် ဆောက်ရေးသုံး ပစ္စည်းများ၊ ဝန်ထမ်းအိမ်ရာများနှင့်ပတ်သက်၍ ထိခိုက်ပျက်စီးဆုံးရှုံးမှု အခြေအနေများကို  စစ်ဆေးဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း သိရပြီး နယ်မြေဒေသ အေးချမ်းသွားပါက စီမံကိန်းလုပ်ငန်းများ အမြန်ပြီးစီးနိုင်ရေး စီမံဆောင်ရွက်သွားမည်ဟု ဝန်ကြီးဌာနမှ ပြန်လည်ဖြေ ကြားခဲ့သည်။
    သူဌေးရေအားလျှပ်စစ် စီမံကိန်းသည် ရခိုင်ပြည်နယ် သံတွဲမြို့၏ အရှေ့မြောက်ဘက် ၁၂ မိုင်ခန့်အကွာ သူဌေးချောင်းပေါ်တွင် တည်ဆောက်အကောင်အထည်ဖော်နေခြင်းဖြစ်သည်။ ထိုစီမံကိန်းလုပ်ငန်း ပုံမှန်ဆက်လက်ဆောင်ရွက်နိုင်ပါက ၂၀၂၅-၂၆ ဘဏ္ဍာရေးနှစ်တွင် ပြီးစီးမည့်စီမံကိန်း ဖြစ်ပြီး တပ်ဆင်အင်အား ၁၁၁ မဂ္ဂါဝပ်ရှိသော လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ နှစ်စဉ် လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ ၃၈၆ သန်းကို ရခိုင်ပြည်နယ်တောင်ပိုင်းဒေသများသို့ ထုတ်လုပ် ဖြန့်ဖြူးပေးမည့်အပြင် ပိုလျှံသော ဓာတ်အားများကို မဟာဓာတ်အား လိုင်းမှတစ်ဆင့် နိုင်ငံတစ်ဝန်း ဖြန့်ဖြူးပေး သွားနိုင်မည် ဖြစ်ကြောင်း သိရသည်။
    သို့ရာတွင် နယ်မြေဒေသလုံခြုံရေး အခြေအနေအရ ၂၀၂၄ ခုနှစ် ဧပြီလ ကုန်တွင် စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်နေသော ဝန်ထမ်းများ ရွှေ့ပြောင်းခဲ့ရပြီး စီမံကိန်းအား ခေတ္တရပ်နားခဲ့ရကြောင်း၊ စီမံကိန်းရပ်နားရသဖြင့် နိုင်ငံတော်၏ ဓာတ်အားထုတ်လုပ်မှု လျော့နည်းလျက်ရှိကြောင်း သိရသည်။
    ထို့အပြင် ၂၀၂၅-၂၆ ဘဏ္ဍာနှစ်အတွက် ဓာတ်အားခဝင်ငွေ ရရှိမှုမှာလည်း ဆုံးရှုံးနစ်နာလျက်ရှိသလို ဓာတ်အားသုံးစွဲသူ ပြည်သူများအနေဖြင့် သူဌေးရေအား လျှပ်စစ်စီမံကိန်းမှ နှစ်စဉ်လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ ၃၈၆ သန်း ဆုံးရှုံးနစ်နာလျက်ရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ အသိပေး ထုတ်ပြန်ခဲ့သည်။  နဒီ

Total Views ~ 14

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45363

© 2022 - 2025 News. All Rights Reserved.