ရန်ကုန်၊ မေ ၂၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ NDAA (မိုင်းလား) မှ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အား မေ ၂၅ ရက်တွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် ရွှေတြိဂံရိပ်သာ၌ လက်ခံတွေ့ဆုံခဲ့သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ NDAA (မိုင်းလား) မှ ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့နှင့်အတူ ဒုတိယဥက္ကဋ္ဌ ဦးဆန်လူ၊ ဦးကြည်မြင့်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ နိုင်ငံတော်ဝန်ကြီးချုပ်က အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA (မိုင်းလား) မှ ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့နှင့်အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။ ထို့နောက် တွေ့ဆုံဆွေးနွေးရာ၌ နိုင်ငံတော်ဝန်ကြီးချုပ်က "ယခုကဲ့သို့ မိတ်ဆွေဟောင်းများနှင့် ပြန်လည်တွေ့ဆုံရသည့်အတွက် ဝမ်းမြောက်မိကြောင်း ပြောကြားခဲ့သည်။ မိမိတို့နိုင်ငံသည် ပြည်ထောင်စုနိုင်ငံတော်တစ်ခု ဖြစ်ပြီး စစ်မှန်ပြီး စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုစနစ်ကို လျှောက်လှမ်းနေကြခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားညီရင်းအစ်ကို မောင်နှမများ အားလုံးအနေဖြင့် စည်းစည်းလုံးလုံးဖြင့် နိုင်ငံ့အကျိုးကို ဖော်ဆောင်သွားနိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း။
နိုင်ငံတော်နှင့် နိုင်ငံသားအားလုံး၏ အကျိုးစီးပွားကို ဖြစ်ပေါ်စေရေးအတွက်ကောင်းမွန်စေလို သည့်စိတ်ဖြင့်လုပ်ငန်းရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်၍ ဦးစားပေးအနေဖြင့် အရေးကြီးသည့် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် နိုင်ငံတော်အစိုးရ၏ မူဝါဒနှင့်အညီ ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးတို့ကို ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း" နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
"ဒေသတစ်ခု၊ နိုင်ငံ့တစ်ခု ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ပညာတတ်လူသားအရင်းအမြစ်များ ပေါကြွယ်ဝရေးသည် မဖြစ်မနေ လုပ်ဆောင်ရမည့် အချက်တစ်ချက်ဖြစ်ပြီး ကျောင်းနေအရွယ် ကလေးငယ်များအားလုံး ကျောင်းတက်ရောက်နိုင်စေရေး အခြေခံပညာသင်ကျောင်းများကို ဖွင့်လှစ်ပေးသွားရန်လိုကြောင်း၊ မိမိတို့သည် ပြည်ထောင်စုနိုင်ငံတော်ဖြစ်သဖြင့် နိုင်ငံတော်မှ ပြဋ္ဌာန်းထားသည့် ရုံးသုံးဘာသာစကားနှင့် စာပေကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တတ်မြောက်ထားရှိရန် လိုအပ်မည်ဖြစ်ကြောင်း" နိုင်ငံတော်ဝန်ကြီးချုပ်က ထည့်သွင်းပြောကြားခဲ့သည်။
ပညာရေးကဏ္ဍတွင်လည်း "တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြည်ထောင်စု စနစ်ပညာရေးကို သင်ကြားရမည်ဖြစ်ပြီး အခြေခံပညာအဆင့် တက်ရောက်အောင် မြင်ပြီးချိန်တွင် ပြည်တွင်းရှိ တက္ကသိုလ်များသို့ တက်ရောက်နိုင်ရေး၊ ဒေသတွင်းစိုက်ပျိုးဖြစ်ထွန်းသည့် ရော်ဘာကို အခြေခံသော စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ အဆင့်မြင့် ကုန်ပစ္စည်းများကို ထုတ်လုပ်နိုင်ရေးနှင့် ဒေသတွင်း အသားငါးများ လုံလောက်စွာထုတ် လုပ်နိုင်ရေးအတွက် မွေးမြူရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်သွားကြရန်လိုကြောင်း" နိုင်ငံတော်ဝန်ကြီးချုပ်က ထည့်သွင်းပြော ကြားခဲ့သည်။
"နိုင်ငံတော်မှလည်း လိုအပ်သည်များကို ထောက်ပံ့ဆောင်ရွက်ပေးသွားမည် ဖြစ်သလို လမ်းပန်းဆက်သွယ်ရေးနှင့် ပတ်သက်၍လည်း ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်သွားရမည်ဖြစ်သလို ကျန်းမာရေးနှင့်ပတ်သက် ၍လည်း ကျေးလက်ဒေသများအဆင့်အထိ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး ဆက်လက် ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း" နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က NDAA (မိုင်းလား) ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံစဉ် ပြော ကြားခဲ့သည်။
ထို့နောက် အမျိုးသားဒီမိုကရက် တစ်မဟာမိတ်အဖွဲ့ NDAA (မိုင်းလား)မှ ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့က တည်ငြိမ်အေးချမ်း ရေးဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆွေးနွေးတင်ပြခဲ့သည်။ ယင်းသို့ ဆွေးနွေးတင်ပြရာတွင် ယခုကဲ့သို့ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အကြီး အကဲများအား တွေ့ဆုံခွင့်ရသည့်အတွက် မိမိတို့အနေဖြင့် ကျေးဇူးတင်ရှိကြောင်း၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ NDAA (မိုင်းလား)မှ ဥက္ကဋ္ဌဟောင်းကြီး ကွယ်လွန်ဆုံးပါးခဲ့ချိန်တွင်လည်း နိုင်ငံတော်နှင့် ပြည်သူများက ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့သည့်အတွက်လည်း အထူးပင်ကျေးဇူးတင်ရှိ ကြောင်း ပြောကြားခဲ့သည်။
မကြာသေးမီက ဖြစ်ပေါ်ကြုံတွေ့ ခဲ့ရသည့် မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့ချိန်တွင် နိုင်ငံတော်နှင့် ပြည်သူလူထုတို့၏ ထိခိုက်ဆုံးရှုံးခဲ့ရမှုများအတွက်လည်း ထပ်တူဝမ်းနည်းမိကြောင်း၊ မိမိတို့အနေဖြင့် အထူးဒေသ (၄) အတွင်းရှိ လုပ်ငန်းရှင်များနှင့် ပြည်သူများပူးပေါင်း၍ ငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် ကူညီဆောင်ရွက်ပေးနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း ဦးစန်ပေ့က ဆွေးနွေးတင်ပြခဲ့ သည်။
အမျိုးသားဒီမိုကရက်တစ်မဟာ မိတ်အဖွဲ့ NDAA (မိုင်းလား)၏ သဘောထားခံယူချက်အနေဖြင့် နှစ် ၃၀ ကျော် ကျင့်သုံးလာခဲ့သည့်အတိုင်း နိုင်ငံတော်မှ ချမှတ်ထားသည့် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးစသည့် ဒို့တာဝန်အရေး သုံးပါးအတွက် အဓိကထား ဆောင်ရွက်လျက်ရှိပြီး မိမိတို့ဒေသတွင်း လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ ပိုမိုမြန်ဆန် ချောမွေ့စေရေး၊ ပညာရေးကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍများတွင် နိုင်ငံတော်အနေဖြင့် ဆက်လက် ကူညီဆောင်ရွက်ပေးစေလို ကြောင်း ၎င်းက ဆွေးနွေးတင်ပြခဲ့သည်။
ထို့အပြင် NDAA (မိုင်းလား) ဒေသအတွင်း မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းနှင့် မည်သည့် နိုင်ငံရေးအဖွဲ့အစည်းကိုမျှ လက်ခံထားခြင်း မရှိသလို ဒေသတွင်းနှင့် နိုင်ငံတော်တည်ငြိမ်ရေး၊ အေးချမ်းရေးလုပ်ငန်းရပ်များအတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်၍ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်အနေဖြင့် မိမိတို့ဒေသအတွက် လိုအပ်သည်များကို လမ်းညွှန်မှာကြား ဆောင်ရွက်ပေးစေလိုပါ ကြောင်း NDAA (မိုင်းလား) မှ ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့ က ဆွေးနွေးတင် ပြခဲ့သည်။
ထို့နောက် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ နှစ်ဖက်အမြင်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ ညီသစ်