ရန်ကုန်၊ ဇွန် ၁၂
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများထံ နိုင်ငံတော်အဆင့်အဆောင်အယောင် မော်တော်ယာဉ်များ ဆက်ကပ်အပ်နှံခဲ့ကြောင်း သိရသည်။
အဆိုပါ နိုင်ငံတော်အဆင့် အဆောင်အယောင် မော်တော်ယာဉ်များ ဆက်ကပ်အပ်နှံပွဲ မင်္ဂလာအခမ်းအနားကို ဇွန်လ ၉ရက်က ရန်ကုန်တိုင်းဒေသကြီး သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ ဝိဇယမင်္ဂလာ ဓမ္မသဘင်၌ ပြုလုပ်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ အဆောင်အယောင်ယာဉ်များကို ဆက်ကပ်အပ်နှံခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဒမ္မဇောတိကဓဇ သန်လျင်မင်းကျောင်းဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသနှင့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိ တအဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ မဟာဓမ္မ ကထိကဗဟု ဇနဟိတဓရ ဘဒ္ဒန္တဝါသေဋ္ဌာ ဘိဝံသတို့အမှူးပြုသည့် နိုင်ငံတော်သံဃ မဟာနာယကဆရာတော်ကြီးများ ကြွရောက် ချီးမြှင့်တော်မူခဲ့ကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော်ကြီးနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် မန္တလေးမြို့ မစိုးရိမ်တိုက်သစ် မဟာနာယကဆရာတော်ကြီးတို့ ထံသို့ နိုင်ငံတော်အဆင့် အဆောင်အယောင် မော်တော်ယာဉ်များ ဆက်ကပ်အပ်နှံပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
နိုင်ငံတော် သံဃမဟာနာယက အဖွဲ့အနေဖြင့် သာသနာတော်သန့်ရှင်း၊ တည်တံ့၊ ပြန့်ပွားရေးအတွက် သံဃာ့အဖွဲ့ အစည်းအဆင့်ဆင့်ကို ဦးဆောင်တာဝန်ယူ ဆောင်ရွက်နေသည့် ကာလအတွင်း သာသနာရေး ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် သာသနာ့တာဝန်များကို စိတ်လက်ပေါ့ ပါးစွာဖြင့် လွယ်ကူလျင်မြန်စွာ ထမ်းဆောင်တော်မူ နိုင်ကြပါစေရန် ရည်သန်လျက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက မဟာနာယက ဆရာတော်ကြီးများထံ နိုင်ငံတော်အဆင့် မော်တော်ယာဉ်များကို ဆက်ကပ်အပ်နှံသွားမည်ဖြစ်ကြောင်းနှင့် မဟာနာယက ဆရာတော်ကြီးများ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် ဗုဒ္ဓမြတ်စွာသာသနာတော်မြတ်ကြီး၏အကျိုးကို အစဉ်သယ်ပိုး ထမ်းဆောင်နိုင် တော်မူကြပါစေကြောင်း နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌက လျှောက်ထားတင် ပြခဲ့သည်။