နောင်ချိုမြို့နယ်အတွင်း နှစ်ရှည်သီးနှံ စိုက်ခင်းအချို့ကို အကြမ်းဖက်သောင်းကျန်းသူများ မီးရှို့ ဖျက်ဆီး

ရန်ကုန်၊ ဇူလိုင် ၂၃
    ရှမ်းပြည်(မြောက်ပိုင်း)နောင်ချို မြို့နယ်အတွင်းရှိ ပုဂ္ဂလိက စိုက်ပျိုးထားသော နှစ်ရှည်သီးနှံစိုက် ခင်းအချို့ကို အကြမ်းဖက် သောင်းကြမ်းသူများက ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးခဲ့သဖြင့် ထိခိုက်နစ်နာခဲ့ရကြောင်း စိုက်ပျိုးရေးလုပ်ငန်းရှင်များထံမှ သိရသည်။
    နောင်ချိုမြို့နယ်တွင် နှစ်ရှည် သီးနှံအဖြစ် မက္ကဒေးမီးယားခေါ် ချောကလက်သီး စိုက်ပျိုးရေးကို အဓိကထားစိုက်ပျိုးထားကြပြီး အချိန်ကာလအားဖြင့် ရှစ်နှစ်ကျော်ရင်းနှီးမြှုပ်နှံထားသော သီးနှံစိုက်ခင်းများကို အကြမ်းဖက်သောင်းကျန်းသူများက မီးရှို့ဖျက်ဆီးသွားကြကြောင်း သိရသည်။
    "ကျွန်မပိုင်တဲ့ စိုက်ခင်းကစပြီး တောက်လျှောက် ပုဂ္ဂလိက စိုက်ခင်းတွေကို မီးရှို့ဖျက်ဆီးသွားပါတယ်။ သူတို့ကိုထောက်ပံ့တဲ့ စိုက်ခင်းပိုင်ရှင်တွေရဲ့ စိုက်ခင်းတွေတော့ မဖျက်ဆီးကြဘူးပေါ့။ ကျွန်မ စိုက်ခင်းဆိုရင် ရှစ်နှစ်ကျော်ကြာ ရင်းနှီးမြှုပ်နှံထားရတာ။ ခုတော့ အားလုံးဆုံးရှုံးရတယ်။ ဝန်ထမ်းတွေနေတဲ့ အိမ်တွေက သွပ်တွေကိုခွာ ဖျက်ဆီးသွားတယ်။ နောက်ပြီး ရေစင်တွေ၊ ပိုက်လိုင်းတွေကို အကုန်တူးဆွ ဖျက်ဆီးသွားတယ်။ ခုလို မီးရှို့ဖျက်ဆီးမှုကြောင့် ပုဂ္ဂလိက စိုက်ခင်းပိုင်ရှင်တွေ အရမ်းနစ်နာရပါတယ်" ဟု စိုက်ခင်းပိုင်ရှင်တစ်ဦးဖြစ်သူ ဒေါ်စန္ဒာမင်းက ပြောသည်။
    ထို့အတူ နောင်ချိုမြို့ကို အကြမ်းဖက်သောင်းကျန်းသူများ ထိန်းချုပ်ထားစဉ် ကာလအတွင်း လူနေအိမ်များကို ဖျက်ဆီးဝင်ရောက်ခြင်း၊ ပုဂ္ဂလိကဘဏ်များကိုဖောက် ထွင်းခြင်းများ ပြုလုပ်ခဲ့သည်။ တပ်မတော်အနေဖြင့် ဇူလိုင် ၁၆ ရက်တွင် TNLA နှင့် PDF များ ယာယီထိန်းချုပ်ထားသည့် တောင်ခမ်း ဒေသတစ်ဝိုက်နှင့် နောင်ချိုမြို့တို့ကို  ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ဇူလိုင် ၁၈ ရက်တွင် နောင်ချိုမြို့၌ အစိုးရ၏ အုပ်ချုပ်မှု ယန္တရားများဖြစ်သည့် ရုံး/ဌာနများ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ဒေသခံတိုင်းရင်းသား ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးဆိုင်ရာများ၊ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများသည် လိုအပ်သည့်ကူညီထောက်ပံ့ရေး ပစ္စည်းများ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် စေတနာရှင်အလှူရှင်များက ပေးပို့လှူဒါန်းသည့် စားသောက်ဖွယ်ရာများ၊ အသုံးအဆောင် ပစ္စည်းများ၊ ထောက်ပံ့ပစ္စည်းများ နှင့်အတူ ပြန်လည်ရောက်ရှိလာကြပြီး အုပ်ချုပ်မှုယန္တရား ပြန်လည်လည်ပတ်နိုင်ရေးအတွက် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
    လက်ရှိတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ယာယီနေရပ်စွန့်ခွာပြည်သူများ နေရပ်သို့ ပြန်လည်ဝင်ရောက်လာစဉ် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် လက်နက်ကိုင်အဖွဲ့များ ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်းအန္တရာယ်မှ ကင်းဝေးစေရေးအတွက် မိုင်းရှင်းလင်းရေးနှင့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
    နောင်ချိုမြို့နယ်အတွင်း မိုင်းရှင်း လင်းရေးနှင့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းသည် ဇူလိုင် ၁၉ ရက်က နောင်ချိုမြို့၏ အနောက်မြောက်ဘက် ခုနစ်မိုင် ခန့်အကွာရှိ လောင်ဖန်းကျေးရွာသို့ ရောက်ရှိကြရာ နောင်ချိုမြို့အား လက်နက်ကိုင်အဖွဲ့များ ယာယီထိန်း ချုပ်ထားစဉ် ၎င်းတို့ပိုင်ဆိုင်သည့် နေအိမ်အဆောက်အအုံများနှင့် အဖိုးတန်ပစ္စည်းများအား စွန့်ခွာ၍ ယာယီနေရပ်စွန့် ခွာနေရသည့် ဒေသခံတိုင်းရင်းသား ပြည်သူ များနှင့် တွေ့ဆုံခဲ့သည်။  ( ထူးမြတ် )

Total Views ~ 60

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

48509

© 2022 - 2025 News. All Rights Reserved.