နောင်ချိုမြို့ရှိ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်၍ ကျောင်းအပ်လက်ခံခြင်းကိုလည်း ဆက်လက် ဆောင်ရွက်ပေးနေ

ရန်ကုန်၊ သြဂုတ် ၆
    ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများကိုပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသားကျောင်းသူများအား စာပေပညာရပ်များကို သင်ကြားပေးလျက်ရှိသည့်အပြင် ကျောင်းအပ်လက်ခံခြင်းကိုလည်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
    နောင်ချိုမြို့၌ အကြမ်းဖက် သောင်းကျန်းသူများကြောင့် အခြေခံပညာ ကျောင်းများအား တစ်နှစ် နီးပါးပိတ်ထားခဲ့ရပြီး ဇူလိုင် ၂၅ ရက်မှစ၍ အခြေခံပညာကျောင်းများကို ပြန်လည်ဖွင့်လှစ်ခဲ့သည်။
    လက်ရှိတွင် ကျောင်းနေအရွယ် ကလေးများအား တန်းစဉ်အလိုက် ပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိရာ နောင်ချိုမြို့နယ်အတွင်း အခြေခံပညာ ကျောင်း ၂၂ ကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး သြဂုတ် ၃ ရက်တွင်လည်း ကျောင်းသားကျောင်းသူ ၄၉၀ ထပ်မံ၍ ကျောင်းအပ်နှံသဖြင့် စုစုပေါင်း ကျောင်းသားကျောင်းသူ ၃၄၄၇ ဦး အေးချမ်းပျော်ရွှင်စွာ တက်ရောက် ပညာသင်ကြားလျက်ရှိသည်။
    ထို့အပြင် ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများက အမှတ်(၂) အခြေ ခံပညာ အထက်တန်း ကျောင်း၌ ကျောင်းပတ်ဝန်းကျင်ရှိ ချုံနွယ် ပေါင်းမြက်များ ခုတ်ထွင် ရှင်းလင်းခြင်းနှင့် ရေစီးရေလာ ကောင်းမွန်စေရေး ရေမြောင်းများ တူးဖော်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
    အလားတူ ဒေသခံတိုင်းရင်းသား ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်အတွက် အကြမ်းဖက်သမားများ ဖျက်ဆီးခဲ့သည့် နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံကြီးအား သြဂုတ် ၂ ရက်တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး ဒေသခံတိုင်းရင်း သားပြည်သူများအား  လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိသည်။
    ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ သြဂုတ် ၃ ရက်တွင် ပြည်သူ့ဆေးရုံကြီး၌ အဖျားရောဂါနှင့် အထွေထွေရောဂါများဖြင့် ဒေသခံတိုင်းရင်းသားပြည်သူအမျိုးသား ၄၂ ဦး၊ အမျိုးသမီး ၆၆ ဦး စုစုပေါင်း ၁၀၈ ဦးတို့အား တပ်မတော်သား ဆရာဝန်များနှင့်ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်း၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးခဲ့သည်။ (နဒီ)

Total Views ~ 4

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

48912

© 2022 - 2025 News. All Rights Reserved.