ရန်ကုန်၊ ဇူလိုင် ၉
၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ရန် ကျန်ရှိသည့် ကုမ္ပဏီ ၁၉၀ ကျော်ကို အမည်မည်းစာရင်းသွင်းခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဇွန် ၃၀ ရက်တွင် ထုတ်ပြန်ထားသည်။
နိုင်ငံတော်အတွင်းသို့ နိုင်ငံခြားသုံးငွေများ ဝင်ရောက်လာသည့် အဓိကလမ်း ကြောင်းဖြစ်သော ပို့ကုန်တင်ပို့မှုမှရငွေများ အပြည့်အဝရရှိရန်မှာ အဓိကကျသည့်အချက်ဖြစ်သဖြင့် နိုင်ငံခြားသုံးငွေ စီမံခန့် ခွဲမှုဥပဒေ ပုဒ်မ ၃၈-ခ နှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု စည်းမျဉ်းအပိုဒ်-၃၅၊ အမိန့်ကြော်ငြာစာ အမှတ် ၂၇^၂၀၂၃ တို့တွင် အာရှနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ပါက ပို့ကုန်တင်ပို့သည့်နေ့မှ ရက် ၃၀ အတွင်း၊ အာရှနိုင်ငံများမှအပ အခြားနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ပါက ပို့ကုန်တင်ပို့သည့်နေ့မှ ရက် ၆၀ အတွင်း ပို့ကုန်တင်ပို့သူ၏ မြန်မာနိုင်ငံအတွင်းရှိ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားငွေဖြင့် မပျက်မကွက် ထည့်သွင်းရန် ဖြစ်ကြောင်း ပြဋ္ဌာန်းသတ်မှတ်ထားသည်။
နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ (FEML) အခန်း(၁၁)၊ ပုဒ်မ ၃၈-ခ တွင် "မည်သူမျှ ပို့ကုန်ရငွေအား လုံးကို သတ်မှတ်ကာလအတွင်း နိုင်ငံတော်အတွင်းရှိ ယင်း၏ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် ထည့်သွင်းရန် ပျက်ကွက်ခြင်း မရှိစေရ"ဟု လည်းကောင်း၊ အဆိုပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူး လွန်ပါက FEML ပုဒ်မ ၄၂-က အရ "ထိုသူကို တစ်နှစ်ထက်မပိုသည့် ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်"ဟုလည်းကောင်း ပြဋ္ဌာန်းထားပါသဖြင့် ပို့ကုန်တင်ပို့သူများအနေဖြင့် သတ်မှတ်ကာလအတွင်း ပို့ကုန်ရငွေများ ပြန်လည်ဝင်ရောက်ရန် ဆောင်ရွက်ရမည်ဖြစ်သည်။
၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း ပို့ကုန်တင်ပို့ခဲ့သည့် ပို့ကုန်လုပ်ငန်းရှင်များသည် ပို့ကုန်ရငွေများကို သတ်မှတ်ကာလအတွင်း ယင်း၏ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် မပျက်မကွက် ပြန်လည်ထည့်သွင်းစေရေးအတွက် ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ဗီလိုင်စင် ရဘဏ်များပူးပေါင်း၍ ဆက်သွယ်ခေါ်ယူ စာရင်းရှင်းလင်းခဲ့ပြီးနောက် စာရင်းရှင်းလင်းခြင်းမရှိသည့် ကုမ္ပဏီများအား ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် ပိတ်သိမ်းခြင်းကို ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ ဇွန် ၂၃ ရက် စိစစ်ချက်အရ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ရန် ကျန်ရှိသည့် ပူးတွဲပါ ကုမ္ပဏီ ၁၉၇ ခုသည် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ၊ စည်းမျဉ်း၊ အမိန့်ကြော်ငြာစာတို့ပါ သတ်မှတ်ချက်များအား လိုက်နာခြင်း မရှိသဖြင့် ကုမ္ပဏီနှင့် ကုမ္ပဏီ၏ ဒါရိုက်တာ အဖွဲ့ဝင်များအား အမည်မည်းစာရင်းထည့်သွင်းကြောင်း ကြေညာအပ်ကြောင်း မြန်မာနိုင်ငံ တော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ သက်မှူး