ရန်ကုန်၊ ဇွန် ၂၅
နေပြည်တော် ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်တွင် တည်ရှိသည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း ပေါင်းလောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ၏ ရေလှောင်တမံရေ ပိုလွှဲတွင် ဟိုက်ဒရော လစ်ရေမြှင့်ရေတံခါး Hydraulic Elevator Dam (HED) တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုမှာ ရာခိုင်နှုန်း ၈၀ ပြီးစီးနေပြီဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သိရသည်။
ပေါင်းလောင်းတမံ ရေပိုလွှဲတွင် အလျား ၁၄၀ ဒသမ ၅ မီတာ၊ ၁ ဒသမ ၅ မီတာအမြင့် ဟိုက်ဒရောလစ်ရေမြှင့်ရေတံခါး တပ်ဆင်ခြင်းအားဖြင့် မူလကန်ရေပြည့် ရေ လှောင်ပမာဏ ဧကပေ ၅ ဒသမ ၄၉ သိန်းမှ ဧကပေ ၅ ဒသမ ၇၀ သိန်းအထိ ရေလှောင် ပမာဏ ဧကပေ ၂၁၀၀၀ ခန့် ပိုမိုသို လှောင် နိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လျှပ်စစ်ဓာတ်အားထုတ် လုပ်ရေးလုပ်ငန်း ပေါင်းလောင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ၏ ရေလှောင်တမံရေပိုလွှဲတွင် ဟိုက်ဒရောလစ်ရေမြှင့်ရေတံခါး တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများက ပြီးခဲ့သည့် ဇွန် ၂၂ ရက်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စု ဝန် ကြီး ဦးဉာဏ်ထွန်း သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။ ပေါင်းလောင်းတမံရပိုလွှဲတွင် ဟိုက်ဒရောလစ် ရေမြှင့်ရေတံခါး တပ်ဆင်ခြင်း လုပ်ငန်းများအား သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး၊ လုပ်ငန်းများဆောင်ရွက်စဉ် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ စီမံကိန်းလုပ်ငန်းများ အရည်အသွေး စံချိန်စံညွှန်းပြည့်မီရေး အလေးထားဆောင်ရွက်သွားရန် ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက မှာကြားခဲ့သည်။
လက်ရှိတွင် ပေါင်းလောင်းရေ အားလျှပ်စစ် ဓာတ်အားပေးစက်ရုံ ရေလှောင်တမံမှ နှစ်စဉ် လျှပ်စစ်ထုတ်လုပ်မှု ယူနစ် ၉၁၁ သန်း ထုတ်လုပ်နေကြောင်းသိရပြီး စီမံကိန်းပြီးစီးသွားပါက လျှပ်စစ်ယူနစ် ရှစ်သန်း ပိုမိုထုတ်လုပ်နိုင်ရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ယခုအချိန်တွင် စီမံကိန်း လုပ်ငန်းများ၏ ရာခိုင်နှုန်း ၈၀ ဆောင်ရွက် ပြီးစီးနေပြီဖြစ်၍ ၂၀၂၄ ခုနှစ် ဇူလိုင်လကုန်တွင် စီမံကိန်း တစ်ခုလုံး ရာနှုန်းပြည့်ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။