နေပြည်တော် သြဂုတ် ၂၁
၂၀၂၄ ခုနှစ် သြဂုတ်လအတွင်း ပဲခူးတိုင်းဒေသကြီးသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ သန်း ထပ်မံတိုးတက်ဝင်ရောက်ခဲ့ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း လုပ်သားအင်အားများများ အလုပ်အကိုင်ရရှိနိုင်သည့် CMP လုပ်ငန်း များကိုလည်း ထပ်မံရင်းနှီးမြှုပ်နှံနိုင်ရေး စီစဉ်ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောသည်။
"ပဲခူးတိုင်းဒေသကြီးက လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ခြင်း၊ ရင်းနှီးမြှုပ်နှံနိုင်တဲ့ မြေနေရာများရှိခြင်း၊ လုပ်သားအင်အား ပေါကြွယ်ဝခြင်းစတဲ့ အခြေခံကောင်းများ ပိုင်ဆိုင်ထားပြီး ဖြစ်ပါတယ်။ တိုင်းဒေသကြီးအတွင်းမှာ အလုပ်ရှင်အလုပ်သမား ပြဿနာဖြစ်ပွားမှုမရှိဘဲ တည်ငြိမ်အေးချမ်းစွာနဲ့ စက်ရုံ၊ အလုပ်ရုံတွေ ဖွင့်လှစ်ဆောင် ရွက်နေပါတယ်။ လုပ်ငန်းရှင်များရဲ့ စက်ရုံ၊ အလုပ်ရုံတွေ ရေရှည်ရပ်တည်လည်ပတ်နိုင် ရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများက ပူးပေါင်းကူညီဆောင်ရွက်ပေးရမှာ ဖြစ်သလို လုပ်သားများရဲ့ ရပိုင်ခွင့်များ၊ အခွင့်အရေးတွေ ပြည့်ပြည့်၀၀ ရရှိခံစားနိုင်စေရေးကို လည်း အထူးအလေးထား ဆောင်ရွက်ပေး သွားရမှာဖြစ်ပါတယ်။ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို အခြေခံတဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကို ဖိတ်ခေါ်ဆောင်ရွက်ဖို့ လိုအပ်မှာဖြစ်သလို လုပ်သားအင်အားများများ အလုပ်အကိုင်ရရှိနိုင်တဲ့ CMP လုပ်ငန်းတွေကိုလည်း ထပ်မံရင်းနှီးမြှုပ်နှံနိုင်ရေး စီစဉ်ဆောင်ရွက် ပေးသွားမှာဖြစ်ပါတယ် " ဟု ၎င်းင်းကပြော သည်။
ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ၂၀၂၄ခုနှစ် သြဂုတ်လအတွင်း နိုင်ငံခြားရင်း နှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ သန်း ထပ်မံတိုးတက်ဝင်ရောက်လာခဲ့သဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ယနေ့ အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၂၀၁ ဒသမ ၃၁၅ သန်း၊ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှု ကျပ် ၈၁၁၁၁ ဒသမ ၀၁၁ သန်း ဝင်ရောက်ခဲ့ကာ ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်း အယောက် ၁၂၄၉၀ ဖော်ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ကွန်းဈာန်