၂၀၂၃ နိုဝင်ဘာ ၁၃
(၁၇)ကြိမ်မြောက် ပြင်ဦးလွင်ရိုးရာ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်တွင် အရောင်းပြခန်းများ ဖွင့်လှစ်မည့် လုပ်ငန်းရှင်များကို ဖိတ်ခေါ်ထားကြောင်း တန်ဆောင် တိုင်ပွဲတော် ကျင်းပရေး ဦးစီးကော်မတီမှသိရသည်။
နှစ်စဉ်ကျင်းပမြဲဖြစ်သော ပြင်ဦးလွင်မြို့ ရိုးရာတန်ဆောင်တိုင် မီးပုံးပျံပွဲတော်နှင့် ဖျော်ဖြေပွဲ၊ ပျော်ပွဲရွှင်ပွဲ ကို (၁၇) ကြိမ်မြောက် ရိုးရာမီးပုံးပျံပွဲတော်အဖြစ် နိုဝင်ဘာ ၂၅ ရက်မှ ၂၈ရက်အထိ ပြင်ဦးလွင်မြို့ မဟာအံ့ထူး ကံသာ ဆုတောင်းပြည့်ဘုရား ကြီးဝင်းအတွင်း ငါးရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။
ထို့ကြောင့် လုပ်ငန်းရှင်များအနေဖြင့်လည်း အရောင်းပြခန်းများ ဖွင့်လှစ်နိုင်ရန်အတွက် တရား ဝင်လုပ်ကိုင်ခွင့်ရရှိထား သည့် ပွဲကန်ထရိုက်ထံ ဆက်သွယ်ကြရန် တန်ဆောင်တိုင်ပွဲတော် ကျင်းပရေးဦးစီး ကော်မတီမှ အသိပေးထားသည်။
ဆိုင်ခန်းပေါင်း ၂၀၀ နီးပါးရှိပြီး ဆိုင်ခန်းအကျယ်အဝန်းများမှာ ၁၀ ပေ x ၁၅ ပေ အခန်းများဖြစ်ပြီး လက်ရှိတွင်လည်း ဆိုင်ခန်းငှားရမ်းသူမှ ဆိုင်ခန်းများ စတင်ဆောက်နေကြပြီ ဖြစ်ကြောင်း ပွဲကန်ထရိုက် ဖြစ်သူ ဦးစိုင်းအောင်ဝင်းက ပြောသည်။
"ဈေးနှုန်းတွေကတော့ တည်နေရာ၊ ရောင်းကောင်းမယ့်နေရာနဲ့ အချက်အချာကျမှု အနေအ ထားအပေါ်မူတည်ပြီးတော့ သုံးသိန်းတန်ကနေ ရှစ်သိန်းတန်အထိရှိတယ်။ VIP နေရာတွေကတော့ တကယ့်အကောင်းဆုံးနေရာက ၁၀ သိန်းပေါ့။ လက်ရှိကတော့ ဆိုင်ခန်းပေါင်း ၃၀ ကျော် ရောင်း ချပေးပြီးသွားပြီ။ ပွဲတော်ကာလ ငါးရက်အတွက် ငှားရမ်းတာပေါ့"ဟု ဦးစိုင်းအောင်ဝင်းက ပြောသည်။
ရိုးရာမီးပုံးပျံပွဲတော်၌ လူသုံးကုန်၊ စားသောက်ကုန် အရောင်းပြခန်းများ၊ အပန်းဖြေပျော်ပွဲရွှင်ပွဲ များ၊ အနုပညာရှင် များ၏ သီဆိုဖျော်ဖြေမှုများနှင့်အတူ စည် ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
"ဒီနှစ် Show ပွဲက Free Show၊ ငါးရက်လုံး Free Show ပါတယ်။ နောက်DJ အစီအစဉ်တွေ၊ ကံစမ်း မဲအစီအစဉ်တွေပါမယ်။ နောက်ပြီးတော့ တစ်ခန်းရပ်ပြဇာတ်တွေလည်းပါမယ်။ အဲဒါတွေကို ဝင်ကြေးမ ကောက်ဘဲနဲ့ အခမဲ့ကြည့်ရှုခွင့်ပေးသွားမှာပါ"ဟု ဦးစိုင်းအောင်ဝင်းက ဆက်ပြောသည်။
ပြင်ဦးလွင်မြို့ ရိုးရာမီးပုံးပျံပွဲတော်အား အနယ်နယ်အရပ်ရပ်မှ မိဘပြည်သူများ အတူတကွ ပါဝင်ဆင်နွှဲရန် တန်ဆောင်တိုင် ပွဲတော်ကျင်းပရေး ဦးစီးကော်မတီမှ နွေးထွေးလှိုက်လှဲစွာ ဖိတ်ခေါ် ထားသည်။