ရန်ကုန်၊ နိုဝင်ဘာ ၆
ပြည်တွင်းဆီစက်လုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ထိရောက်သည့် ပံ့ပိုးပေးမူများလုပ်ဆောင်ပေးရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
"ပြည်တွင်းဆီစက်တွေ ဖွံ့ဖြိုးလာဖို့အတွက် နိုင်ငံတော်အနေဖြင့် တကယ်ထောက်ပံ့ပေးဖို့လိုတယ်။ ဒီကနေ့အထိ ပြည်တွင်းဆီစက်တွေကို ထောက်ပံ့ကူညီတာ မရှိသေးဘူးလို့ ပြောလို့ရတယ်။ ပြည်တွင်းဆီ စက်တွေရဲ့ ပြန်လည်ဖွံ့ဖြိုးရေး ချေးငွေဆိုပြီးတော့ ဘီလီယံ ၅၀ ပေးတယ်။
အဲဒီမှာ တစ်ဝက်လောက်ပဲ ချေးပြထားတယ်။ ကျန်တဲ့ချေးငွေတွေကမရဘူး။ ဆိုလိုတာက အာမခံပြီး ချေးလို့ရတဲ့ ဆီစက်တွေဆိုရင် ချေးပေးရမယ်။ အာမခံပြီး ချေးပေးလို့မရတဲ့ လုပ်ငန်းတွေကိုတော့ မပြောဘူး။ အမှန်က အာမခံမပေးနိုင်တဲ့ လုပ်ငန်းတွေကိုလည်း အာမခံပေးနိုင်အောင် လုပ် ပေးရမယ်။ စဉ်းစားပေးဖို့ လိုတယ်"ဟု ၎င်းက ပြောကြားခဲ့သည်။
ပြည်တွင်းဆီစက် လုပ်ငန်းများတွင် နာမည်အမည်မပေါက်၊ ဂရန်မရှိပါက ဂရန်နှင့် နာမည်ပေါက်ရရှိအောင် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းအနေဖြင့် မည်သို့ ထောက်ပံ့ပေးမလဲဆိုသည်ကို ဆောင်ရွက်ပေးသင့်ကြောင်း၊ ပြည်တွင်းမြေပဲဆီစက်များနှင့် ဆီစက်လုပ်ငန်းရှင်များကို ထိထိ ရောက်ရောက် ပံ့ပိုးပေးစေချင်ကြောင်း၊ လက်ရှိ ဆီစက်လုပ်ငန်းများတွင် မလည်ပတ်နိုင်သည့်၊ ပြိုလဲကုန်သည့် လုပ်ငန်းများလည်း ရှိကြောင်းသိရသည်။
"လက်ရှိ ပြည်ပကနေ ဆီတင်သွင်းတာက တစ်နှစ်ကို တန်ချိန် ၁၀ သိန်း လောက် တင်သွင်းလာတယ်။ စားသုံးဆီတင်သွင်းမှု မြင့်တက်လာပြီးတော့ ပြည်တွင်းဆီ ဈေးနှုန်းတွေကျလာပြီ ပြည်တွင်းဆီ ကြိတ်ခွဲမူလျော့ကျလာတယ်။ နောက်ဆီကြိတ်ခွဲသီးနှံ ဈေးနှုန်းတွေကလည်း နိမ့်ကျလာတယ်။ အခုက ကျွန်တော်တို့ နိုင်ငံတော်က ချမှတ်ထားတဲ့ မှန်ကန်တဲ့မူဝါဒကို မြန်မြန်သွားစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ပြည်တွင်းဆီတွေကို ဈေးနှုန်းချိုသာစွာနဲ့ ပွဲတော်ရက်တွေမှာလည်း ရောင်းချပေးတာမျိုးတွေ လုပ်နေပါတယ်"ဟု ၎င်းက ဆက်လက် ပြောကြားခဲ့ သည်။
ပြည်တွင်း ဆီအနေဖြင့် မြေပဲ၊ နှမ်း၊ နေကြာ၊ မုန်ညဉ်း၊ ပဲပုပ် စသည်တို့ကို အဓိက ထုတ်လုပ်ကာ အဆိုပါဆီ ဈေးကွက်ပေါ်တွင် မူတည်၍ တောင်သူများအနေဖြင့်လည်း ဆီထွက်သီးနှံများကို စိုက်ပျိုးလာကြသည်။ လက်ရှိ စားအုန်းဆီဈေးနှုန်းများမှာ တစ်ပိဿာလျှင် ကျပ် ၆၀၀၀ ကျော်ရှိ ကြောင်း သိရသည်။ သက်မှူး