၂၀၂၃ ၊ နို၀င်ဘာ ၁၂
ပြည်တွင်း စက်သုံးဆီလက်ကျန် 92-ဂါလံ ၁၃ သန်းကျော်၊ ဒီဇယ်ဂါလံ သန်း ၃၀ ကျော်ရှိပြီး ဆီတင် သင်္ဘော ၁၅ စင်း ထပ်မံရောက်ရှိလာရန်ရှိ ၍ ပြည်တွင်းမှာ စက်သုံးဆီအလုံအလောက်ရှိကြောင်း၊ ပြည်သူများအနေဖြင့် ဘက်ပေါင်းစုံမှ အချိန်ကိုက် ထုတ်လွင့် သတင်းအမှားမျာကို သတိထားကြရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားလိုက်သည်။
" ပြည်တွင်းမှာ ကောလဟာလထုတ်လွင့်နေတာရှိပါတယ်။ အချိန်ကိုက်ပဲ ပြည်ပက ပြည်ဖျက်မီဒီယာတွေကလည်း ကောလဟာလထုတ်လွင့်နေတာ ရှိတယ်။အဓိက ကတော့ အခြေခံအကြောင်း နှစ်ခုအပေါ်မှာ ကောလဟာလထုတ်လွင့်တာဖြစ်တယ်။ နံပါတ်တစ်ကတော့ ဆီခွဲတမ်းပေါ့။ စက်သုံးဆီရောင်းချတဲ့ ခွဲတမ်းတွေ လျော့တယ်ဆိုပြီးတော့ ထုတ်လွင့်နေတာရှိတယ်။နံပါတ် နှစ်ကတော့ ဆီအလုံအလောက်မရှိဘူး။ဆီ၀ယ်ယူဖို့အတွက် အစိုးရအနေနဲ့ ဒေါ်လာချမပေးဘူးဆိုတာမျိုးထုတ်လွင့်နေတာရှိတယ်။ပြီးတော့ စက်သုံးဆီဆိုင်တွေမှာ ဆီပြတ်လပ်နေပြီ ပြန်ဖြည့်နိုင်တော့ဘူးဆိုတာတွေလည်း ဖြစ်ပါတယ်" ဟု
စက်သုံးဆီနှင့်ပတ်သက်၍ ကောလာဟလ သတင်းများထွက်ပေါ်နေမှုနှင့်ပတ်သက်၍ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထည့်သွင်းပြောကြားခဲ့သည်။
ထို့အပြင် " ပထမဆုံး ပြောလိုတာက ကျွန်တော်တို့အနေနဲ့ နိုင်ငံ တော်၀န်ကြီးချုပ်ပြောခဲ့တဲ့အတိုင်း ပြည်တွင်းမှာ ဆီနှစ်ဆီပေါ့၊စက်သုံးဆီ ၊စားသုံးဆီနဲ့ ပတ်သက်ပြီး အလေးထား ဆောင်ရွက်လျက်ရှိတယ်။ဆီခွဲတမ်းများနဲ့ ပတ်သက်ပြီး ယခင်အတိုင်းပဲ ဖြစ်တယ်။စိစစ်တာတစ်ခုပဲ ရှိတယ်။ယခင်အတိုင်းပဲ ဖြစ်တယ်။လျော့ပြီး လုပ်နေတာမရှိဘူး။နံပါတ်နှစ်ကတော့ ပြည်တွင်းမှာ စက်သုံးဆီအလုံအလောက်ရှိပါတယ်။အများသုံးနေတဲ့ စက်သုံးဆီဖြစ်တဲ့ 92 ဆိုရင် ပြည်တွင်းလက်ကျန် ဂါလံ ၁၃ သန်းကျော်ရှိပြီးဖြစ်တယ်။ ဒီဇယ်ဆိုရင် ဂါလံ သန်း ၃၀ ကျော်ရှိပြီး ဖြစ်တယ်။ ပြီးရင် ထပ်မံရောက်ရှိလာမယ့် ဆီတင် သင်္ဘော ၁၅ စင်းနီးပါးရှိပါတယ်။ကျွန်တော်တို့ အနေနဲ့ စက်သုံးဆီကို ပြည်တွင်းမှာ တစ်လ ၊မည်သည့် စက်သုံးဆီအမျိုးအစားမဆို တစ်လအရံရှိအောင် အမြဲတမ်းဆောင်ရွက် လျက်ရှိတယ်။ ဒါ့အပြင် စက်သုံးဆီနဲ့ ပတ်သက်ပြီး နိုင်ငံတော် အစိုးရအနေနဲ့ အထူးအလေးထား ဆောင်ရွက်နေတဲ့ အတွက်ကြောင့်မို့လို့ ယခင်အတိုင်းပဲ ဒေါ်လာရောင်းချပေးတာတွေ ဆောင်ရွက်လျက်ရှိပါတယ်" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ထည့်သွင်းပြေားခဲ့သည်။
ထို့အပြင် ပြည်သူလူထုအနေဖြင့် လက်ရှိအချိန်တွင် အချိန်ကိုက် နိုင်ငံရေးအရ စီးပွားရေးအရ လူမှုရေးအရ ကာကွယ်ရေးအရ ဘက်ပေါင်းစုံ သတင်းအမှားများ ထုတ်လွင့်နေမှုမျိုးရှိနေမည်ဖြစ်၍ ထိုသတင်းအမှားများကို ကြည့်၍ သတင်းအဆိပ်မသင့်ကြရန်သတိပေးထားပြီး အစိုးရအနေဖြင့်လည်း သတင်းများ အချိန်မီ ထုတ်လွင့်ပေးမည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။
ယင်းအပြင် ရှမ်းမြောက်တိုက်ပွဲများကြောင့် ကုန်သွယ်မှုရပ်တန့်နေခြင်းမှအပ စစ်သုံးဆီ၊ စားသုံးဆီလုပ်ငန်းအပါအ၀င်ကျန်သည့် စီးပွားရေးလုပ်ငန်းများ လည်ပတ်ဆောင်ရွက်နေကြောင်း အသိပေးပြောကြားခဲ့ပြီး အဖျက်အမှောင့် လုပ်ငန်းများကိုလည်း လုံခြုံရေး တပ်ဖွဲ့များနှင့် ပြည်သူလူထု ပူးပေါင်း ကာကွယ်သွားရန် လိုအပ်ကြောင်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။