ရန်ကုန်၊ သြဂုတ် ၂၈
ပထမအကြိမ်မဲပေးမည့် လူငယ်မဲ ဆန္ဒရှင်များအုပ်စုတွင် အကျုံးဝင်နေသော ကျောင်းသား၊ ကျောင်းသူများအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေဆိုင်ရာ မဲဆန္ဒရှင်အသိပညာပေး PowerPoint အား ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်မှ ပညာရေးဝန်ကြီးဌာနသို့ အပ်နှင်းခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပညာရေးဝန်ကြီးဌာနသို့ KG + 12 ကျောင်းသား၊ ကျောင်းသူများအတွက် အသိပညာပေး PowerPoint အပ်နှင်းသည့် အခမ်းအနားကို သြဂုတ် ၂၆ ရက်က ရွေး/ကော်ရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၅/၂၀၂၄) တွင် “KG + 12 တက်ရောက်နေသည့် ကျောင်းသားများသည် အသက် (၁၇) နှစ်၊ (၁၈) နှစ် အရွယ်ဖြစ်ပြီး KG + 12 ပြီးလျှင် အသက် (၁၈) နှစ်ထဲသို့ ရောက်ရှိမည်ဖြစ်ရာ အသက်အရွယ်အရ မဲပေးရန် အကျုံးဝင်နိုင်သူများဖြစ်လာနိုင်၍ ၎င်းတို့ကို ဖွဲ့စည်းပုံအ ခြေခံဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေတို့နှင့်ပတ်သက်၍ သိရှိအောင် ဆောင်ရွက်ပေးရန် လမ်းညွှန်မှုပြုခဲ့ကြောင်း၊ KG + 12 တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများသည် မကြာခင်အသက် (၁၈) နှစ်ပြည့်မီ၍ ပထမအကြိမ် မဲပေးရမည့် လူငယ်မဲဆန္ဒရှင်များ ဖြစ်လာမည်ဖြစ်ကြောင်း၊ ပထမဆုံးအကြိမ် ဆန္ဒမဲပေးရာတွင် အခက်အခဲမရှိစေရန်နှင့် နိုင်ငံ့အကျိုးအတွက် မှန်မှန်ကန်ကန် ရွေးချယ် တတ်စေရန် ရည်ရွယ်၍ ရွေးကောက်ပွဲအသိ ပညာပေးခြင်းကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း" ပြည်ထောင်စုရွေး ကောက်ပွဲ ကော် မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ယင်းအခမ်းအနားတွင် ပြောကြားခဲ့သည်။
ကျောင်းသားလူငယ်များအနေဖြင့် ဒီမိုကရေစီအသိနှင့် ဒီမိုကရေစီစနစ်၏ အလေ့အကျင့် ကောင်းများကို သိရှိရန်လို သည့်အတွက် မိမိတို့နိုင်ငံ၌ကျင်းပခဲ့သည့် ရွေးကောက်ပွဲများ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေနှင့်ရွေးကောက် ပွဲဆိုင်ရာ သိသင့်သိထိုက်သည့် အချက်အလက်များကို PowerPoint တွင် ကောက်နုတ်ဖော်ပြထားကြောင်း၊ ရွေး ကောက်ပွဲတွင် ဆန္ဒမဲပေးပိုင် ခွင့်ရှိသူများ၊ မရှိသူများ၊ လွှတ်တော်ကိုယ် စားလှယ်လောင်းအဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် ရှိသူများ၊ မရှိသူများနှင့် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိသူများ၊ မဲပေးခွင့်ရရှိရန်အတွက်မဲစာရင်း၌ မိမိအမည်ပါဝင်အောင် ဆောင်ရွက်ရမည့်နည်းလမ်း၊ မပါဝင်သင့်သူ များပါဝင်နေလျှင်၊ အချက်အလက်များမှား ယွင်းနေလျှင် မည်သို့ဆောင်ရွက်ရမည်၊ မည်ကဲ့သို့မဲပေးရမည်စသည်ဖြင့် ရွေးကောက် ပွဲနှင့်ပတ်သက်ပြီး သိသင့်သိ ထိုက်သည်များကိုလည်း ဖော်ပြထားပါကြောင်း၊ ရွေးကောက်ပွဲအတွက် အရေးကြီးသည့် မဲဆန္ဒ ရှင်လူငယ်များ၏ နိုင်ငံသားအခွင့်အရေး ဖြစ်သော မဲပေးခွင့်မဆုံးရှုံးရစေရန်၊ ဥပဒေနှင့်အညီ မဲပေးခွင့်ရရှိစေရန်၊ မဲပေးတတ်စေ ရေးဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း ဦးကိုကိုက ထည့်သွင်းပြောကြားခဲ့သည်။
ထို့အပြင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ရွေးကောက်ပွဲတွင် ပထမ အကြိမ်မဲပေးရမည့် ကျောင်းသား လူငယ်များအနေဖြင့် နိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေနှင့်ရွေးကောက်ပွဲဆိုင်ရာ အသိပညာဗဟုသုတများရရှိပြီး နိုင်ငံသားတစ်ဦး၏ အခွင့်အရေးဖြစ်သည့် မဲပေးခွင့်မဆုံးရှုံး ရစေရန် သက်ဆိုင်သူအားလုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြရန်လည်း ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက မှာကြားခဲ့သည်။
ညီသစ်