ရန်ကုန်၊ နိုဝင်ဘာ ၆
ကိုရီးယားသမ္မတနိုင်ငံ ဘူဆန်မြို့ရှိ ဘူဆန်နိုင်ငံခြားဘာသာတက္ကသိုလ် (Busan University of Foreign Studies) မှ မြန်မာစာ အထူးပြုဘွဲ့ကြိုသင်တန်း တက်ရောက်နေကြသည့် တက္ကသိုလ်ကျောင်းသား ကျောင်းသူ ၁၂ ဦး၊ ပါမောက္ခ Dr. JiHye KIM နှင့် အတွင်းရေးမှူးတစ်ဦးတို့သည် ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၄ ရက်က မြန်မာသံရုံး ဆိုးလ်မြို့သို့ လေ့လာရေးခရီးစဉ် လာရောက်ခဲ့ကြကြောင်း သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင် ဦးဆောင်သည့် သံရုံးဝန်ထမ်းများသည် တက္ကသိုလ်ကျောင်းသားကျောင်းသူအဖွဲ့အား သံရုံးအစည်းအဝေးခန်း၌ လက်ခံတွေ့ဆုံကာ မြန်မာ-ကိုရီးယား နှစ်နိုင်ငံအကြား သံတမန် ဆက်ဆံရေးကိစ္စ၊ စီးပွားရေးဆိုင်ရာ ရင်းနှီး မြှုပ်နှံမှုကိစ္စ၊ People-to-People Relation ကိစ္စရပ်များ၊ ပညာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များနှင့်သံရုံးမှ ဆောင်ရွက်ပေးလျက်ရှိသည့် မြန်မာနိုင်ငံသား အကျိုးကိစ္စအပါအဝင် မြန်မာ အလုပ်သမား ကိစ္စရပ်များကို ရှင်းလင်းပြော ကြားခဲ့သည်။ ဆက်လက်၍ ကျောင်းသား ကျောင်းသူများ၏ မေးမြန်းချက်များကို သံအမတ်ကြီးက ပြန်လည်ဖြေကြားကာ သံအမတ်ကြီးမှ ဘူဆန် နိုင်ငံခြားဘာသာ တက္ကသိုလ်အတွက် အမှတ်တရလက်ဆောင်အားပေးအပ်ရာ ပါမောက္ခ Dr. JiHye KIM က လက်ခံရယူခဲ့သည်။ သံအမတ်ကြီးသည် ဘူဆန်နိုင်ငံခြားဘာသာတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများနှင့်အတူ အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးခဲ့ကြပြီး သံရုံးအား လှည့်လည်ပြသခဲ့ပါသည်။
ဘူဆန်နိုင်ငံခြားဘာသာ တက္ကသိုလ် (Busan University of Foreign Studies) တွင် မြန်မာစာအထူး ပြုဘာသာရပ်ဖြင့် တက္ကသိုလ်ကျောင်းသားကျောင်းသူ ပေါင်း ၃၀ တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။ ထူးမြတ်