2023 စက်တင်ဘာ ၁၉
သုံးကြိမ်အထိ မီးနီဖြတ်မောင်းသည့် ပြစ်မှုကိုကျူးလွန်ခဲ့ပါက YBS ယာဉ်လိုင်းကုမ္ပဏီမှ YRTC နှင့်ပူးပေါင်း၍ ချက်ချင်းရာသက်ပန် ထုတ်ပယ်သည်အထိ အရေးယူဆောင်ရွက်ရန်ညွှန်ကြားထားပြီး ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ YRTC မှ ကြီးမှူးကျင်းပသော စည်းကမ်းဖောက်ဖျက်သည့် YBS ယာဉ်မောင်းများအား အသိပညာပေး ဆွေးနွေး ပွဲအမှတ်စဉ် (၁၅/ ၂၀၂၃)တွင် YRTC ၏ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောကြားခဲ့သည်။
တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ် ဖြစ်ထွန်း လာဖို့ YBS စနစ်၏ အဓိကမောင်းနှင်အားဖြစ်သည့် ယာဉ်မောင်းကြီးများသည် ခရီးသည်များအား မိမိတို့၏ ကျေးဇူးရှင်များအဖြစ် လိုရာခရီးသို့ လုံခြုံဘေးကင်းစွာ ပို့ဆောင်ပေးကြရမည့် တာဝန် ရှိကြောင်း၊ ယနေ့တက်ရောက်လာသည့် စည်းကမ်းဖောက်ဖျက်သည့် ယာဉ်မောင်းများမှာ မီးနီဖြတ် သန်း မောင်းနှင်သူများဖြစ်ပြီး ယာဉ်စည်းကမ်းတွင် အမြင့်ဆုံးပြစ်ဒဏ် ချမှတ်နိုင်ကြောင်း၊ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်အထိ မီးနီဖြတ်မောင်းသည့် ပြစ်မှုကို ကျူးလွန်ခဲ့ပါက YBS ယာဉ်လိုင်းကုမ္ပဏီမှ YRTC နှင့်ပူးပေါင်း၍ ချက်ချင်းရာသက်ပန် ထုတ်ပယ်သည်အထိ အရေးယူဆောင်ရွက်ရန်ညွှန်ကြားထားပြီး ဖြစ်ကြောင်း၊ ဒဏ်ကြေး လိုချင်၍ လိုက်လံဖမ်းဆီးနေရခြင်းမဟုတ်၊ ယာဉ်မောင်းများ ခရီးသည်များ ဘေးကင်း လုံခြုံရေးအတွက် ဖမ်းဆီးအရေးယူနေရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် ယာဉ်မောင်းများ၏ မဆင်မခြင်မောင်းနှင်မှု၊ တစ်စီးနှင့်တစ်စီး ယှဉ်ပြိုင်မောင်းနှင်မှု များ၊ မီးနီဖြတ်သန်း မောင်းနှင်မှုများကို Traffic Control Center မှအချိန်နှင့် တစ်ပြေးညီစောင့်ကြပ်၍ Video မှတ်တမ်းရယူထား၍ အရေးယူခြင်းဖြစ်ကြောင်း၊ ခရီးသည်လုံခြုံမှုရှိစေရန်အတွက် ဘေးတံခါးဖွင့်မောင်း ခြင်း များကိုလည်း တားမြစ်ထားကြောင်း၊YBS ယာဉ်များလမ်းပေါ်တွင် အခေါက်ရေများများ ရလိုစိတ်ဖြင့် တစ်စီးနှင့်တစ်စီး ဗိုလ်ကျမောင်းနှင်နေခြင်း၊ လုယက်မောင်းနှင် နေကြခြင်းများကြောင့် ယာဉ်တိုက် များဖြစ်ပေါ်ပြီး နစ်နာသူ ခရီးသွားလုပ်သားပြည်သူတို့၏ အသက်၊ အိုးအိမ်နှင့် ကျန်ရစ်သူမိသားစု ဝင်တို့၏ဘဝများ များစွာထိခိုက်ကြရပါကြောင်း၊ ထိုသို့ စည်းကမ်းမဲ့လုပ်ရပ်များအား မပြုလုပ် ကြရန်နှင့် ခရီးသွားလုပ်သားပြည်သူများအား ကိုယ်ချင်းစာ၍ တာဝန်ယူ၊ တာဝန်ခံမှုအ ပြည့်နှင့် ဘေးကင်းလုံခြုံစွာ ဝန်ဆောင်မှု ကောင်းကောင်းဖြင့် ပို့ဆောင်ပေးကြရန်ဖြည့် စွက် ပြောကြားခဲ့သည်။