Breaking

မြင်းခြံမြို့နယ်အတွင်း PDF အကြမ်းဖက်သမားများ ပစ်ခတ်မှုကြောင့် ဆရာတော်တစ်ပါး ပျံလွန်တော်မူ၊ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဇွန် ၂၅
    မြင်းခြံမြို့နယ်အတွင်း PDF အကြမ်းဖက်သမားများ ပစ်ခတ်မှုကြောင့် ဆရာတော်တစ်ပါး ပျံလွန်တော်မူခဲ့ပြီး ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
    ဖြစ်စဉ်မှာ ၂၀၂၄ ခုနှစ် ဇွန်လ ၂၃ ရက် နံနက်ပိုင်းက မြင်းခြံမြို့နယ်၏ အရှေ့တောင်ဘက် နှစ်မိုင်ခန့်အကွာ မြင်းခြံမြို့နယ် မကျီးသမျှားကျေးရွာ၏ မြောက်ဘက် မြင်းခြံ-မကျီးသမျှားသွားကားလမ်းတွင် မော်တော်ယာဉ် တစ်စီးအား PDF အမည်ခံ အကြမ်းဖက်သမားများက ပစ်ခတ် ၍ ဒဏ်ရာ ရရှိခဲ့ကြောင်းသတင်းအရ အခင်းဖြစ်ရာသို့ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်သူ့စစ်အဖွဲ့များ ပါဝင်သော လုံခြုံရေးပူး ပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
    အဆိုပါ ဖြစ်စဉ်တွင် မြင်းခြံမြို့ နယ်၊ စခမကျေးရွာ မြတ်ပုညပရဟိတအသင်း တံဆိပ်ပါ NOAX ခဲရောင် (နံပါတ်မပါ) မော်တော်ယာဉ်ပေါ်၌ မြင်းခြံမြို့နယ် ကျေးရွာ ရွာဦးကျောင်းမှ လက်ထောက် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဥတ္တမ၊ သက်တော် (၅၀)၊ ဝါတော် (၁၂)ဝါတွင် ဝဲနံဘေးကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်၊ ဝဲချိုစောင်း ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်၊ ယာနောက်ကျော ကျည်ဖောက်ဝင် ဒဏ်ရာနှစ် ချက်တို့ဖြင့် ပျံလွန်တော်မူနေသည်ကို တွေ့ရှိရပြီး ဦးအောင်မျိုးသောင်း (၄၀) နှစ်(ဘ) ဦးအောင်သောင်း စခမကျေးရွာနေသူတွင် ဝဲဒူးခေါင်းအထက် ကျည်ဖောက်ဝင် ဒဏ်ရာတစ်ချက်၊ ဝဲနားနောက်ပေါက်ပြဲဒဏ်ရာ တစ်ချက်ရရှိနေသည်ကို တွေ့ရှိရပြီး မောင်းနှင်လာသည့်မော်တော်ယာဉ်၏ အမိုးပေါ်တွင် လုံခြုံရေးမီးတန်းပုံစံ ပါရှိသဖြင့် လုံခြုံရေးယာဉ်အဖြစ် မှားယွင်းပစ်ခတ်ခြင်းဖြစ်နိုင်ကြောင်း သိရသည်။
    ဖြစ်စဉ်အား စိစစ်ခဲ့ရာ ၂၀၂၄ ခု နှစ် ဇွန် ၂၂ ရက် ည ၁၀ နာရီခန့်တွင် စခမ ကျေးရွာနေ မဝင့်ဝါအေး အသက်(၂၈)နှစ် (ဘ)ဦးအေးသောင်းသည် ဗိုက်အောင့် ဝေဒနာခံစားနေရသည့်အတွက် စခမကျေးရွာ မြတ်ပုညပရဟိတအသင်းယာဉ်ဖြင့် ဘဒ္ဒန္တဥတ္တမကမောင်းနှင်ပြီး အဖော်အဖြစ်ဦး အောင်မျိုးသောင်းအား ခေါ်ဆောင်၍ ထွက်လာခဲ့ကြောင်း၊ ထို့နောက် မဝင့်ဝါအေးအား မြင် းခြံမြို့၊ အမှတ် (၇)ရပ်ကွက်ရှိ ဖခင်ဖြစ်သူ ဦးအေးသောင်း နေအိမ်သို့ပို့ဆောင်၍ စခမကျေးရွာသို့ ပြန်လည်ထွက်ခွာလာခဲ့ရာ မြင်းခြံ-မကျီးသမျှားသွား ကားလမ်းဖြစ်စဉ်နေရာ အနီးအရောက်တွင် PDF အမည်ခံအကြမ်း ဖက်သမားများက လက်နက်ငယ်များဖြင့် ဝိုင်းဝန်း ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ပစ်ခတ်ခံရမှုကြောင့် ဒဏ်ရာရရှိခဲ့သည့် ဦးအောင်မျိုးသောင်း၏ ပြောဆိုချက်ကို သတင်းထုတ်ပြန်ထားသည်။
    အဆိုပါဖြစ်စဉ်တွင် ပျံလွန်တော်မူခဲ့သည့် ဆရာတော်နှင့် ဒဏ်ရာရရှိသူတို့အား လုံခြုံရေး တပ်ဖွဲ့ဝင်များက မြင်းခြံခရိုင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ၂၀၂၁ ခုနှစ်မှစ၍ ယနေ့အချိန်ထိ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရဟန်းသံဃာတော်အပါး ၁၄၀၊ သီလရှင်နှစ်ပါး ပျံလွန်တော်မူခဲ့ပြီး သာသနာ့ဝန်ထမ်း ၉၆ ပါး ထိခိုက်ဒဏ်ရာ ရရှိထားသည်။  

Total Views ~ 243

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45389

© 2022 - 2025 News. All Rights Reserved.