နေပြည်တော်၊ ဇူလိုင် ၂
မြစ်ကြီးနားမြို့၌ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်း အဖွဲ့များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်၍ ရေဘေးရှောင်စခန်း ၃၀ ဖွင့်လှစ်ကာ ကူညီကယ်ဆယ်ပေးလျက်ရှိ ကြောင်းသိရသည်။
ထိုသို့မြစ်ရေ ဝင်ရောက်နစ်မြုပ်မှုကြောင့် လျှပ်စစ်မီးပြတ်တောက်မှုနှင့် စာရေးသောက်ရေး အခက်အခဲတချို့ရှိကြောင်း မြစ်ကြီးနားမြို့ မြို့သစ်ကြီးတွင် နေထိုင်သည့် ဒေသခံ ဦးမင်းဇော်က ပြောသည်။

"မနေ့က ညနေ ၆ နာရီလောက်က စပြီးရေပြန်ကျတယ်။ အများကြီးတော့ မကျသေးဘူး။ နစ်တာတွေ နစ်တုန်းပဲ။ ဒါပေမဲ့ ရေကအကျဘက်ကို စပြီးဦးတည်နေပြီပေါ့။ ဒီနေ့နဲ့ဆိုရင် လေးရက်မြောက်ဆိုတော့ အခက်အခဲက စားရေးသောက်ရေး အခက် အခဲတော့ရှိတယ်။ မြို့ပေါ်ရပ်ကွက်ကြီးဖြစ် နေလို့ လားမသိဘူး။ ဟင်းချက်စရာလည်းမရှိဘူး။ ကျွန်တော်တို့ဆီမှာ လာနေတဲ့သူဆိုရင် သူ့အိမ်လေး ရေမြုပ်သွားတော့ စိုက်ပျိုးရေးပစ္စည်းတွေ ပျက်စီးသွားတာ။ သိန်းတစ်ရာ ကျော်ဖိုးလောက် ဆုံးရှုံးသွားတယ်။ သူက မျိုးစေ့ရောင်းတာ။ ဒီဇယ်ဆီပီပါတွေ၊ စိုက်ပျိုးရေးဆေးတွေ၊ မျိုးစေ့တွေ ပါသွား တယ်။ မထင်ထားဘူးလေ။ အဲဒီလောက် ရေကြီးမယ်လို့။ ပစ္စည်းတွေကို တော်တန်ရုံ အပေါ်ထပ်တင်ထားရင် လွတ်မယ်ထင်တာ။ အိမ်ပါမြုပ်တော့ ပါသွားရော။ ၂၀၀၄ တုန်း ကရေကြီးတယ်။ ရေအတက်ဆုံးပေါ့။ အခုက အဲဒီထက်ကို ကျော်သွားတာ။ အဲဒီတုန်းက စိုးရိမ်ရေအမှတ်က ဒီလောက်မများဘူးပေါ့။ အခုက စံချိန်ချိုးသွားတဲ့ သဘောပေါ့။ ကယ်ဆယ်ရေးတော်တော်များများ သွားရတာကတော့ မြစ်နဲ့နီးတဲ့ နေရာတွေပေါ့။ အဲဒီနေရာတွေကလူတွေကို စက်လှေတွေနဲ့ ကယ်ထုတ်ရတာပေါ့။ ဖုန်းလိုင်းကပျက် လိုက်ပေါ်လာလိုက်နဲ့ အင်တာနက်ကမရဘူး။ လျှပ်စီးမီးမရဘူး။ ထရန်စဖော်မာတွေ ရေမြုပ်သွားလို့။ ကျွန်တော်တို့ကမြစ်ကြီးနား မြို့သစ်ကြီးမှာနေတာ။ အဓိက မိန်းလမ်းတွေ ပါမြုပ်တော့ အခက်အခဲတွေ ဖြစ်ကုန်တာပေါ့။ သူများတွေ ဖြစ်တုန်းက ကိုယ်တိုင်သွား လှူပြီးတော့ ကိုယ့်အလှည့်ကျတော့ ဘာလုပ်ရမှန်းမသိဘူး ဖြစ်နေတယ်။ ရေပုံးတွေနဲ့ ဖောင်တေလုပ်ထားတယ်။ စားစရာတွေဘာ တွေထွက် ယူလို့ရအောင်လို့"ဟု ၎င်းင်းကပြော သည်။

မြန်မာပြည်မြောက်ဖျားပိုင်း ကချင်ပြည်နယ်အတွင်း မေခနှင့်မလိခမြစ် အထက်ပိုင်း၌ မိုးသည် ထန်စွာရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေသည် ဇွန် ၃၀ ရက် နံနက် ပိုင်းမှစတင်ပြီး မြင့်တက်လာခဲ့ရာ ဇူ လိုင် ၁ ရက်တွင် မြစ်ကြီးနားမြို့၏ စိုးရိမ်ရေ မှတ်စင်တီမီတာ ၁၂၀၀ ရှိသည့်အနက် မြစ် ရေသည် ညနေ ၃ နာရီ တိုင်းထွာချက်အရ ၁၃၆၈ စင်တီမီတာကျော်အထိ မြင့်တက်လာခဲ့သဖြင့် ရေများဝင်လျက်ရှိသည့် မြို့ပေါ်ရပ်ကွက်များမှ ပြည်သူများအား တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင် များနှင့် ရပ်ကွက်/ကျေးရွာများရှိ လူမှုကူညီ ရေးအသင်းများက လျင်မြန်စွာ ရှာဖွေကယ် ဆယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ မြစ်ရေမြင့်တက်မှုဖြစ်စဉ်ကြောင့် မြစ်ကြီးနားမြို့ပေါ် ရပ်ကွက် ၁၆ ခုနှင့် အာလမ်ကျေး ရွာအုပ်စုတို့ရှိ ပြည်သူများအား ဘုန်းတော်ကြီးကျောင်းများနှင့် အခြေခံပညာကျောင်းများတွင် လတ်တလော ရေဘေးရှောင်စခန်း ၃၀ ဖွင့်လှစ်၍ ကူညီကယ်ဆယ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။