Breaking

မြန်မာနိုင်ငံ ဆေးဝါးထုတ်လုပ်မှုအတွက် ရုရှားနိုင်ငံမှ ကုန်ကြမ်းတင်သွင်းရန် နှစ်နိုင်ငံဆွေးနွေး

ရန်ကုန်၊ ဇူလိူင် ၁၇
    မြန်မာနိုင်ငံ၏ ဆေးဝါးထုတ်လုပ်ရေးအတွက် လိုအပ်သည့် ကုန်ကြမ်းများကိုလည်း ရုရှားနိုင်ငံမှ တင်သွင်းလိုကြောင်း၊ စားသုံးဆီ၊ ချည်မျှင်နှင့် အထည်အလိပ်လုပ်ငန်း၊ ဘိလပ်မြေ ထုတ်လုပ်ရေး လုပ်ငန်းများတွင်လည်း နှစ်ဖက်အကျိုး ဖြစ်ထွန်းမည့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်လိုပါကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ရုရှားဖက်ဒရေးရှင်းနိုင်ငံ ယီကာကျီရင်ဘတ်မြို့၌ ကျင်းပသည့် (၁၄)ကြိမ်မြောက် စက်မှုကုန်စည်ပြပွဲတက်ရောက်ခဲ့ပြီး နှစ်နိုင်ငံ တာဝန်ရှိသူများ တွေ့ဆုံဆွေး နွေးရာတွင် ပြောကြားခဲ့ကြောင်း သိရသည်။
    ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ယီကာကျီရင်ဘတ်မြို့၌ကျင်းပသည့် (၁၄)ကြိမ်မြောက်ကုန်စည်ပြပွဲ 'အင် နိုပရွန်-၂၀၂၄' (ပြပွဲပထမရက်)သို့ တက်ရောက်ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ ဒေသအသီးသီးမှ ခင်းကျင်းပြ သထားသည့် သံနှင့်သံမဏိတူးဖော်ရေးနှင့် ထုတ်လုပ်ရေးဆိုင်ရာ စက်ပစ္စည်းများ၊ သံနှင့်သံမဏိ ထွက်ကုန်များ၊ လေထုသန့်စင်ရေးပစ္စည်းများ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါရှာဖွေရေး စမ်းသပ်ပစ္စည်းများအပြင် အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ဆေးဝါးကုမ္ပဏီများမှ လာ ရောက်ခင်းကျင်းပြသထားသည့် ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာ ကိရိယာပစ္စည်းများကို လိုက်လံ လေ့လာခဲ့သည်။ 
    ပြည်ထောင်စုဝန်ကြီးသည် ဇူလိုင် ၉ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီခွဲတွင် (၁၄)ကြိမ် မြောက် စက်မှုကုန်စည်ပြပွဲနှင့် အတူကျင်းပသည့် ကမ္ဘာ့စီးပွားရေး၏ ကျောရိုးမဏ္ဍိုင်ဖြစ်သော ရှန်ဟိုင်း ပူးပေါင်းဆောင် ရွက်ရေးအဖွဲ့ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် ကွန်ဖရင့်သို့ တက်ရောက်ပြီး ရှန်ဟိုင်းပူး ပေါင်းဆောင်ရွက်ရေးအဖွဲ့ ဒုတိယအထွေ ထွေအတွင်းရေးမှူးချုပ်၊ ရုရှားဖက်ဒရေးရှင်း နိုင်ငံ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီး၊ ကာဂျစ်သမ္မတနိုင်ငံ စီးပွားရေးနှင့် ကုန်သွယ်ရေးဝန်ကြီး၊ ကာဇက်စတန်သမ္မတနိုင်ငံ စက်မှုနှင့် ဆောက်လုပ်ရေးဝန်ကြီး၊ တာဂျစ်ကစ်စတန်သမ္မတနိုင်ငံ စက်မှုနှင့် နည်းပညာသစ် များဆိုင်ရာဝန်ကြီး၊ ဥဇဘက်ကစ္စတန်သမ္မတ နိုင်ငံရင်းနှီးမြှုပ်နှံမှု၊ စက်မှုနှင့်ကုန်သွယ်ရေး ဝန်ကြီး၊ ဘီလာရုဇ်သမ္မတနိုင်ငံစက်မှုဝန်ကြီး တို့နှင့်အတူ မြန်မာနိုင်ငံနှင့် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ဝင် နိုင်ငံများအကြား အလားအလာရှိသည့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံဘက်မှ  ရင်းနှီးမြှုပ်နှံသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များအတွက် ပြင်ဆင်ထားရှိမှု အခြေ အနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးသည်။
    ဆက်လက်၍ ပြည်ထောင်စုဝန် ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည်  'အင်နိုပရွန်-၂၀၂၄' ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ညနေပိုင်းတွင် အဆိုပါပြပွဲ အဆောက်အအုံရှိ အစည်းအဝေးခန်းမ၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စက်မှုနှင့်ကုန်သွယ် ရေးဝန်ကြီး မစ္စတာအန်သွန်အလီဟာ နော့ဗ် (Mr. Anton Alikhanov)  ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံကာ ရုရှားဖက်ဒရေးရှင်း နိုင်ငံနှင့် မြန်မာနိုင်ငံအကြား စက်မှုလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက် လျက်ရှိသည့် အခြေအနေများ၊ ဆေးဝါးနှင့်ဆေးပစ္စည်း ထုတ်လုပ်ရေးဆိုင်ရာကိစ္စရပ်များ၊ အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်) အား အပြီးသတ် တည်ဆောက်လည်ပတ်နိုင် ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
    ထို့အပြင် ဆဗျဲလော့ဗ်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံ၍ အဆင့်မြင့်ပညာရေး နယ်ပယ်၊ ဆေးဝါးထုတ် လုပ်ရေးနယ်ပယ်၊ တစ်ဦးချင်းအရည်အသွေးမြင့် သင်တန်းများ၊ စက်မှုနှင့် ကုန်ထုတ်လုပ်ရေး နယ်ပယ်နှင့် ယဉ်ကျေးမှုဆိုင်ရာနယ်ပယ်၊ အထည်ချုပ်လုပ်ငန်းတို့တွင် ပူးပေါင်း ဆောင်ရွက်နိုင်ရေးကိစ္စ၊ ဆေးဝါးများ ပူးပေါင်းထုတ် လုပ်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံအကျိုး ဖြစ်ထွန်းမည့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

Total Views ~ 329

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45389

© 2022 - 2025 News. All Rights Reserved.