ရန်ကုန်၊ ဧပြီ ၁၀
မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီအနေဖြင့် ရန်ကုန်တိုင်းအတွင် ပါတီရုံးပေါင်း ၄၄ ပါတီ ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ် ကြောင်း ၎င်းပါတီ၏ ရန်ကုန်တိုင်းရုံး ဥက္ကဋ္ဌ ဦးသက်ဇော်က ပါတီဝင်များနှင့်တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းအတွင်း ပါတီအဖွဲ့ဝင်များ တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ရန်ကုန်တိုင်း ဥက္ကဋ္ဌ ဦးသက်ဇော်က "ရန်ကုန်တိုင်းအတွင်းမှာ ၄၅ မြို့နယ် ရှိပါတယ်။ ၄၅ မြို့နယ်မှာ ကိုးကိုးကျွန်းကလွဲလို့ ၄၄ မြို့နယ်လုံး ပါတီရုံးဖွင့်ဖို့ ဆောင်ရွက်ပြီးပါပြီ။ အဲဒီ မှာ ရုံးပေါင်း ၃၀ ကျော်ကို ဖွင့်လှစ်ပြီးတော့ ၁၄ ရုံးကတော့ စိစစ်နေပါတယ်။ ဒါပေမဲ့ ဖွင့်လှစ်နိုင်တဲ့ အနေအထား ဖြစ်သွားပါတယ်။ အခု ပါတီတွေမှာ ရန်ကုန်မြို့အတွင်းမှာ ပါတီရုံးခွဲတွေ ဖွင့်လှစ်နိုင်တဲ့ပါတီဆိုလို့ သိပ်မရှိပါဘူး။ ကျွန်တော်တို့က ဒုတိယအများဆုံးပါ။ ရန်ကုန်တိုင်းမှာ သေချာစီမံချက်နဲ့ ဆောင်ရွက်ခဲ့တာ ဖြစ်တဲ့အတွက် ကာလတိုအတွင်း ၄၄ မြို့နယ်မှာ ဖွင့်လှစ်နိုင်ခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဒုတိယအဆင့်အနေနဲ့ ကတော့ ပါတီရုံးဖွင့်ပြီးသွားရင် အစည်းအဝေးကိစ္စတွေ လုပ်ရမှာ ဖြစ်ပါတယ်။ အင်အားအနေနဲ့ကတော့ နှစ်သိန်း ရရှိထားပြီး ဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီအနေဖြင့် အင်အားအရှိဆုံး ပါတီဖြစ်ရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိသည့်အတွက် ခြောက်လအတွင်းတွင် ရန်ကုန်တိုင်းအတွင်း အများစံပြုနိုင်သည့်ပါတီဖြစ်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပါတီသည် ပြည်သူအတွက် ရည်စူးထားခြင်းဖြစ်သည့်အတွက် လူတန်းစားရေးရာ ကိစ္စရပ်များကို အလေးထား ဆောင်ရွက်မည့် ပါတီတစ်ခု ဖြစ်သည်။
"ကျွန်တော်တို့ အနေနဲ့က ရုံး ပေါင်း ၄၄ ရုံးဖွင့်လှစ်ပြီးရင် တိုင်းနဲ့ပြည် နယ်အလိုက်လည်း အခု မိုးဦးမကျမီအချိန်မီအောင် ရုံးပေါင်း ၁၁၀ ကို ဖွင့်လှစ်နိုင်အောင် ဆောင်ရွက်နေပါတယ်။ ကျွန်တော် ကိုယ်တိုင်လည်း ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်း (တောင်)၊ မန္တလေး၊ နေပြည်တော်စသည်တို့ မှာ ရုံးပေါင်း ၈၀ ကျော် ဖွင့်လှစ်နိုင်တော့မှာ ဖြစ်ပါတယ်။ ပါတီဝင်တွေကလည်း အားတက်သရော ကြိုးစား ကြတယ်။ သူတို့အတွက်လည်း ဂုဏ်ပြုပါတယ်။ အဲဒီလိုအရွေ့ တစ်ခုကို စုပေါင်းအားနဲ့တွန်းရင် ရွေ့နိုင်ပါတယ်။ ပြိုင်တူတွန်းရင် ရွေ့နိုင်သည်ဆိုသည့် စကားအတိုင်း ကျွန်တော်တို့ ရောက်ရှိသည့် ပန်းတိုင်ကို ရောက်ရှိမယ်လို့ မျှော်မှန်းပါတယ်"ဟု ၎င်းက ပြောကြားခဲ့သည်။
အဆိုပါ ရုံးခွဲများ ဖွင့်လှစ်ရန်အတွက် လေးလအတွင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် ပြည်သူလူထုအနေဖြင့် နိုင်ငံရေးနှင့် ကင်းကွာနေသည်မှာကြာပြီ ဖြစ်သည့်အတွက် နိုင်ငံရေးလုပ်ဆောင်ပါက အကြောက်တရား ရှိသည်ကို မြင်တွေ့ရကြောင်း၊ အားသာချက် အနေဖြင့် မိမိပါတီသည် တောင်သူလယ် သမားအရေးကို အဓိကထားဆောင်ရွက်ခြင်း ဖြစ်သည့်အတွက် လူတန်း စားရေးရာကိစ္စများကို ဆောင်ရွက်ပေးမည်ဖြစ်သည့်အချက်မှာ အားသာချက်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက် ရေးပါတီအနေဖြင့် ရန်ကုန်တိုင်းအတွင်းတွင် အင်အားနှစ်သိန်းကျော် ရရှိထားပြီး ဖြစ်ကြောင်း၊ ထပ်မံ၍လည်း မဲပေးနိုင်သည့် ပြည်သူလူထုအင်အားကို စည်းရုံးသွား မည် ဖြစ်ကြောင်း သိရသည်။