ရန်ကုန်၊ အောက်တိုဘာ ၂၃
မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှ ရုပ်ရှင်ထူးချွန်ဆုများ ရွေးချယ်ရန်အတွက် အကဲဖြတ်ပညာပြည့်ဝ၍ ဘက်လိုက်ခြင်း ကင်းသော ဆုံးဖြတ်မှုရရှိနိုင်ရန် ရုပ်ရှင်ဝါရင့် အနုပညာရှင်၊ အတတ်ပညာရှင်ကြီးကို ဖိတ်ခေါ်ထားကြောင်း အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူတစ်ဦးက "အခုကတော့ ရုပ်ရှင်ထူးချွန်ဆုများပေးဖို့အတွက် ဖိတ်ခေါ်ထားတယ်။ ဘယ်သူတွေ ပါဝင်မလဲတော့ မသိသေးဘူး။ သတ်မှတ်ချက်က တော့ ထုတ်ပြန်ချက်မှာပါရှိတဲ့ အတိုင်းပဲလေ။ အဓိကတော့ အကဲဖြတ်ပညာ ပြည့်ဝပြီး ဘက်လိုက်ခြင်းကင်းဖို့က အဓိကပါ"ဟု ပြောကြားခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ၁၉၅၂ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန် ဆုပေးပွဲကို ၁၉၅၃ ခုနှစ်မှ စ၍ ပြုလုပ်လာ ခဲ့ရာ ၂၀၁၂ ခုနှစ်တွင် ရုပ်ရှင်လောကသား ရုပ်ရှင်အနုပညာရှင်၊ ရုပ်ရှင်အတတ်ပညာ ရှင်ကြီးများကသာ ရုပ်ရှင်ထူးချွန်ဆုကို အကဲဖြတ်ပေးလျက်ရှိခဲ့ရာ၊ ယခုနှစ်ရုပ်ရှင် ထူးချွန်ဆုများ ရွေးချယ်ရန်အတွက် အကဲဖြတ်ပညာပြည့်ဝ၍ ဘက်လိုက်ခြင်းကင်းသော ဆုံးဖြတ်မှုရရှိနိုင်ရန်အလို့ငှာ အောက်ပါအချက်လက်များနှင့် ပြည့်စုံသော ရုပ်ရှင်အနုပညာရှင်၊ အတတ်ပညာရှင်များကို "ရုပ်ရှင်ထူးချွန်ဆု အကဲဖြတ်လုပ်ငန်း"အတွက် လေးစားစွာဖိတ်ခေါ်အပ်ပါကြောင်း ဟုဖော်ပြပါရှိသည်။
ပါဝင်အကဲဖြတ် အဖွဲ့ဝင်ဖြစ်သင့် သူများအနေဖြင့် ရုပ်ရှင်ထူးချွန်ဆုရရှိထား သူများ၊ ထူးချွန်ဆု မရရှိသေးသော်လည်း ရုပ်ရှင်ပညာသည်အဖြစ် ရုပ်ရှင်သက် ၁၀ နှစ်ထက်မနည်း အတွေ့အကြုံရှိသူ များ၊ ဆန္ဒ၊ ဒေါသ၊ ဘယ၊ မောဟ အဂတိတရားလေးပါးနှင့် လွတ်ကင်းသူများ၊ ဘက်လိုက်မှုကင်း သူများ၊ အုပ်စုဖွဲ့၍ မိမိဆန္ဒရှိသူကို ထူးချွန်ဆုပေးခြင်းမှ လွတ်ကင်းသူများ၊ ရုပ်ရှင်ကားများ ကြည့်ရှုရန် အချိန်ပေးနိုင်ပြီး ကျန်းမာရေးကောင်းမွန်သူများ ဖြစ်ရမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ရုပ်ရှင်ထူး ချွန်ဆုများ အကဲဖြတ်နိုင်ရေးအတွက် ဆန္ဒပြုကြပါရန် မေတ္တာရပ်ခံဖိတ်ခေါ်ထားသည်။
သက်မှူး
