၂၀၂၄ ၊ ဧပြီ ၃၀
မြန်မာ့ဆိပ်ကမ်း အာဏာပိုင်နှင့် ဆိပ်ကမ်းလုပ်ငန်းရှင်များ၏ ထည့်ဝင်ငွေ ၂၈ ဘီလီကျော် ကုန်ကျသုံးစွဲခဲ့သည့် သီလဝါဆိပ်ကမ်းဥပစာလမ်း လေးလမ်းသွား လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ဧပြီ ၂၈ ရက်က ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် သီလဝါဆိပ်ကမ်းဧရိယာ၌ကျင်းပရာ ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း တက်ရောက် ဖွင့်လှစ်ပေးခဲ့ သည်။
ဆိပ်ကမ်းလုပ်ငန်းကဏ္ဍတွင် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံ ပိုင်ဆိုင်မှုပမာဏများပြားလာပြီး သီလဝါဧရိယာရှိ စက်သုံးဆီဆိပ်ကမ်း တံတားများကို ပုဂ္ဂလိကသို့ ရင်းနှီးမြှုပ်နှံလုပ် ကိုင်ခွင့်ပြုထား သည့်အတွက် စက်သုံးဆီတင် ကားကြီးများဖြင့် ခေါက်ရေပိုမိုသုံးစွဲလာမှုကြောင့် ယခင်နှစ်လမ်းသွား လမ်းမှာ မကြာခဏ ပိတ်ဆို့မှုများ ဖြစ်လာကြောင်း ထို့ကြောင့် ယခုကဲ့သို့ သီလဝါဆိပ်ကမ်း ဥပစာလမ်းကို လမ်းလယ်ကျွန်းအပါ လေးလမ်း သွားလမ်းသစ်အဖြစ် အဆင့်မြှင့်တင်တိုးချဲ့ ဖောက်လုပ်ပေးရခြင်း ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းက ယင်းအခမ်း အနားတွင် ပြောကြားခဲ့သည်။
နိုင်ငံတကာ ကုန်သွယ်မှုအတွက် ဝင်/ထွက်ပေါက်ဖြစ်သည့် သီလဝါဆိပ်ကမ်း ဧရိယာအတွင်း ပင်လယ်ရေကြောင်းဖြင့် တင်သွင်း၊ တင်ပို့ကြမည့် ကုန်စည်များ၊ ကုန်သေတ္တာများကို လွယ်ကူလျင်မြန် ချောမွေ့စွာ သယ်ယူပို့ဆောင်ပေးနိုင်ရေးတို့အတွက် ပို့ ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့၏ ကြီးကြပ်မှု၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ရန်ကုန် လျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်းတို့၏ ပံ့ပိုးကူညီဆောင်ရွက်ပေးမှု၊ သီလဝါဆိပ်ကမ်းတံတား လုပ်ငန်းရှင်များ၏ အချိုးကျ ငွေကြေးထည့်ဝင်မှုနှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင်တာဝန်ခံ စီမံခန့်ခွဲမှုတို့ဖြင့် သီလဝါဆိပ်ကမ်း ဥပစာလမ်း၊ လေးလမ်းသွားလမ်းသစ်ကြီးကို သတ်မှတ်ကာလ အချိန်တိုအတွင်း အောင်မြင်စွာ တိုးချဲ့ဖောက်လုပ် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လေးလမ်းသွားလမ်းသစ်သည် ငါးမိုင်နှစ်ဖာလုံရှည်လျားပြီး မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်နှင့် ဆိပ်ကမ်းလုပ်ငန်းရှင်များ၏ ထည့်ဝင်ငွေစုစုပေါင်း ငွေကျပ် ၂၈ ဒသမ ၃၅၀ ဘီလီယံခန့် ကုန်ကျခဲ့ပြီး လေးလမ်းသွား မြေသားတာပေါင်ချဲ့ခြင်း လုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့၏ ငွေလုံးငွေရင်း ဖြည့်စွက်ရန် ပုံငွေဖြင့် ကြိုတင်ဖောက်လုပ်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ လေးလမ်းသွား လမ်းသစ် ဖွင့်လှစ်နိုင်ခဲ့ခြင်းကြောင့် သီလဝါဆိပ်ကမ်း ဧရိယာအတွင်း ယခင်ကကဲ့သို့ ကုန်တင်ယာဉ်၊ စက်သုံးဆီတင်ယာဉ်များဖြင့် ယာဉ်ကြောပိတ်ဆို့မှုများ မရှိနိုင်တော့ဘဲ ကုန်စည် စီးဆင်းမှုများလည်း ယခင်ထက် အချိန်ကုန် သက်သာပြီး ဘေးအန္တရာယ်ကင်းစွာဖြင့် လွယ်ကူမြန်ဆန်ချောမွေ့စွာ သယ်ယူပို့ ဆောင်ပေးလျက်ရှိကြောင်း သိရသည်။