မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB)နှင့် မြန်မာ့ ရင်းနှီးမြှပ်နှံမှုနှင့်ကူးသန်း ရောင်းဝယ်ရေးဘဏ် (MICB) တို့ကို အမေရိကန်မှ စီးပွားရေးပိတ်မည့်စာရင်းတွင်ထည့်မည်ဟု သတင်းထွက်ပေါ်နေမှုနှင့်ပတ်သက်၍ ထုတ်ပြန်ချက်

၂၀၂၃ ၊ ဇွန် ၂၀

မြန်မာနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စုမှ တစ် ဖက်သတ် စီးပွားရေးပိတ်ဆို့မှုများ တိုးမြှင့်ချမှတ် ဆောင်ရွက်လျက်ရှိရာတွင် ဇွန်လ ၂ဝ ရက်နေ့မှစ၍ နိုင်ငံပိုင်ဘဏ်များဖြစ်သောမြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်း ရောင်းဝယ်ရေးဘဏ်တို့အားအမေရိကန်ပြည်ထောင်စုမှ စီးပွားရေးပိတ်ဆို့ ကန့်သတ်မှု စာရင်းတွင် ထည့်သွင်းသတ်မှတ်ကြောင်းသတင်းများ ထွက်ပေါ်လျက်ရှိသည်။

နိုင်ငံပိုင်ဘဏ်များအနေဖြင့် ဘဏ်လုပ်ငန်းများ ဆောင် ရွက်ဝန်ဆောင်မှုပေးရာတွင် စနစ်တကျ၊ မှန်မှန်ကန်ကန်ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် အမေရိကန်အခြေစိုက်ဘဏ်များတွင်လည်းကောင်း ၊ အမေရိကန်ဘဏ်များ၏ ဘဏ်ခွဲများတွင်လည်းကောင်း နိုင်ငံပိုင်ဘဏ်များ၏ နိုင်ငံခြားငွေစာရင်းများ ဖွင့်လှစ်ဆောင်ရွက်နေခြင်းမရှိသည့်အတွက် ငွေကြေးဆုံးရှုံးမှုမရှိနိုင်ဘဲ နိုင်ငံခြားငွေနှင့် ကုန်သွယ်ငွေပေးချေမှု ဝန်ဆောင်မှုများကို စနစ်တကျ ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

ယခင်ကာလများကလည်း အလားတူအရေးယူပိတ်ဆို့မှုများ တွေ့ကြုံခဲ့ ရသော်လည်း မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ်တို့သည် နိုင်ငံခြားဘဏ်ဝန်ဆောင်မှုလုပ်ငန်းများကို နှောင့်နှေးရပ်တန့်မှုမရှိဘဲ စနစ်တကျဆောင်ရွက်ပေးခဲ့ကြောင်း ၀န်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။

ယခုထွက်ပေါ်နေသည့် သတင်းများနှင့်ပတ်သက်၍ ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သည့်မိဘပြည်သူများအနေဖြင့် စိုးရိမ်ကြောင့်ကြပူပန်ခြင်းမရှိဘဲ ယုံကြည်စွာဖြင့် ဆက် လက်ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း ၊ နိုင်ငံခြားဘဏ်လုပ်ငန်းဝန်ဆောင်မှုကို နိုင်ငံပိုင်ဘဏ်(၂)ဘဏ်တည်းမှသာ ဆောင်ရွက်နေခြင်းမဟုတ်ဘဲ ပြည်တွင်းပုဂ္ဂလိကဘဏ်များ ၊ နိုင်ငံခြားဘဏ်များ၏ ဘဏ်ခွဲများမှ လည်း ဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့က သတ်မှတ်ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ နိုင်ငံခြားသုံးငွေလွှဲပြောင်း၊ ပေးပို့၊ လက်ခံသည့်ကိစ္စရပ်များ ၊ ပို့ကုန်သွင်းကုန်လုပ်ငန်းများ ၊ အလုပ်သမား ၊ သင်္ဘောသား လုပ်ခ၊ လစာများလွှဲပို့ခြင်းကိစ္စရပ်များအတွက် အဆင်ပြေစေရေး ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဘဏ်နှင့်ဆက်သွယ်သူပြည်သူများသိရှိစေရန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ အသိပေး ကြေညာခဲ့သည်။

Total Views ~ 243

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43523

© 2022 - 2025 News. All Rights Reserved.