Breaking

ရန်ကုန် လမ်းလျှောက်သင်္ကြန်တွင် အနုပညာရှင်များ၏ ဖျော်ဖြေရေးမဏ္ဍပ်တို့နှင့်အတူ စားသောက်ဆိုင်ခန်းပေါင်း ၁၅၀ ပါဝင်မည်

၂၀၂၄ ၊ မတ် ၂၈
    ရန်ကုန် လမ်းလျှောက်သင်္ကြန်တွင် အနုပညာရှင်များ၏ ဖျော်ဖြေရေးမဏ္ဍပ်တို့နှင့်အတူ စားသောက်ဆိုင်ခန်းပေါင်း ၁၅၀ ပါ ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီမှ သိရသည်။
    ၁၃၈၅ ခုနှစ် မဟာသင်္ကြန်ရေ သဘင်ပွဲတော်တွင် လမ်းလျှောက်သင်္ကြန်ပွဲတော်ကို ကျောက်တံ တားမြို့နယ် မဟာဗန္ဓုလလမ်းနှင့်ကုန်သည်လမ်းအကြား မဟာဗန္ဓုလပန်းခြံ လမ်းတစ်လျှောက်တွင် ကျင်းပမည်ဖြစ်ပြီး အဆိုပါ လမ်းလျှောက်သင်္ကြန်တွင် လမ်းတစ်လျှောက် ရေမှုန်ရေမွှားလျှောက်လမ်း၊ ရေကစားမဏ္ဍပ်များ၊ ဂီတအနုပညာရှင်များ၏ ဖျော်ဖြေရေးမဏ္ဍပ်တို့နှင့်အတူ စားသောက်ဆိုင်ခန်း ပေါင်း ၁၅၀ ပါ ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
    လမ်းလျှောက်သင်္ကြန် ပွဲကျင်းပရန် ကျောက်တံတားမြို့နယ် မဟာဗန္ဓုလပန်း ခြံလမ်းအတွင်း ပြင်ဆင်နေမှုနှင့် ဖျော်ဖြေရေး မဏ္ဍပ်တည်ဆောက်နေမှု၊ မြို့တော်ခန်းမရှေ့ ဖျော်ဖြေရေးမဏ္ဍပ်နှင့်ရေ ကစားမဏ္ဍပ် တည်ဆောက်နေမှုလုပ်ငန်းတို့ကို ဒုတိယမြို့တော်ဝန် ဦးညီညီက မတ်လ ၂၅  ရက်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
    ထို့အပြင် ပြည်လမ်းရှိ ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်ဝင်းအတွင် ရေကစားမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန် ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်နေပြီး ရေမှုန်ရေမွှား လျှောက်လမ်းများနှင့် ရောင်စုံထီးများဖြင့် အလှဆင်ဆောင်ရွက်နေမှု၊ ရေကစားမဏ္ဍပ်များနှင့် ဖျော်ဖြေရေးမဏ္ဍပ်တည်ဆောက် နေမှု၊ တောင်ထန်းတဲများ နေရာချထားမှု၊ ရေပိုက်များသွယ်တန်းနေမှုတို့ကို ဒုတိယမြို့တော်ဝန်က သွား ရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါ ရေကစားမဏ္ဍပ်များနှင့်ဖျော် ဖြေရေးမဏ္ဍပ်များအား ကြံ့ခိုင်ကောင်းမွန်အောင် တည်ဆောက်ရန်၊ မြန်မာ့ရိုးရာ သင်္ကြန်သင်္ကေတဖြစ်သည့် အုန်းလက်များဖြင့် အလှဆင်ရန်၊ ပြည်သူများစိတ်အေးချမ်းမြေ့စွာ ရေကစားနိုင်ရေး တာဝန်ရှိသူများက ပူးပေါင်း ဆောင်ရွက်ကြရန် ဒုမြို့တော်ဝန်က မှာကြားခဲ့သည်။
    ယင်းအပြင် ပြည်လမ်းရှိ ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်ဝင်းအတွင်း အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)မှ ဂါလန်နှစ်သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံ တည်ဆောက်နေ ပြီး အဆိုပါ ဂါလန်နှစ်သိန်းဆံ့ မြေအောက်ရေလှောင်ကန်သည် အလျားပေ ၈၀၊ အနံ ပေ ၄၀၊ အနက် ၁၁ ပေရှိပြီး ရေတွန်းစက်ရုံသည် အလျားပေ ၄၀၊ အနံ ၁၈ ပေရှိကာ 30 HP (22 kw) စက် လေးလုံးဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ ရေလှောင်ကန်အတွင်းသို့ မြေအောက်ရေရယူ၍ ဖြည့်သွင်းသို လှောင်မည်ဖြစ်ပြီး အများပြည်သူ ပွဲလမ်းသဘင်အခမ်းအနားများတွင် ရေကိုလုံလောက်စွာ အသုံး ပြုနိုင်ရန်နှင့် အရန်ရေအတွက်ပါ စုဆောင်းထားနိုင်ရန် တည်ဆောက် ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ မြေအောက်ရေလှောင်ကန်တည်ဆောက်မှုသည် ရာခိုင်နှုန်း ၉၀ ပြီးစီးနေပြီး မကြာမီကျ ရောက်မည့် မြန်မာ့ရိုးရာ မဟာသင်္ကြန်ရေ သဘင်ပွဲတော်တွင်လည်း ပြည်သူများပျော်ရွှင်စွာ ရေ ကစားနိုင်ရန် အချိန်မီတည် ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။
    လက်ရှိတွင် မြို့တော်ခန်းမရှေ့ ဖျော်ဖြေရေးမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ် တည်ဆောက်နေပြီး အဆိုပါ ဖျော်ဖြေရေး မဏ္ဍပ်သည် အလျား ၉၄ ပေ၊ အနံ ၄၈ ပေ ရှိပြီး ရေကစားမဏ္ဍပ်သည် အလျား ၁၁၀ ပေ၊ အနံ ၂၄ ပေရှိကြောင်း သိရသည်။

Total Views ~ 208

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45389

© 2022 - 2025 News. All Rights Reserved.