Breaking

ရန်ကုန်တက္ကသိုလ်တွင် ဘွဲ့လွန်ဒီပလိုမာ သင်တန်းနှစ်ခု ထပ်မံတိုးမြှင့် သင်ကြားပေးမည်

ရန်ကုန်၊ မေ ၂၇
    ရန်ကုန်တက္ကသိုလ်တွင် နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံရေးသိပ္ပံဌာနမှ နိုင်ငံတကာဆက်ဆံရေး (International Relations) ဘွဲ့လွန်ဒီပလိုမာ သင်တန်းနှင့် အရှေ့တိုင်းပညာဌာနမှ အရှေ့တိုင်းပညာ (Oriental Studies) ဘွဲ့လွန် ဒီပလိုမာသင်တန်းတို့ကို ထပ်မံဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း သိရသည်။
    အဆိုပါသင်တန်းများအနက် နိုင်ငံတကာဆက်ဆံရေး Diploma in Internation-al Relations (DIR) သင်တန်းကို တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူများ လျှောက်ထားနိုင်မည်ဖြစ်သည်။ သင်တန်းကာလမှာ ကိုးလ ဖြစ်ပြီး ၂၀၂၅ ခုနှစ် ဇွန် ၁၆ ရက်တွင် စတင်ဖွင့်လှစ် သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။ သင်တန်းကို အပတ်စဉ် တနင်္လာမှ သောကြာနေ့နှင့် သင်တန်းအချိန်မှာ နံနက် ၇ နာရီမှ ၉ နာရီအထိဖြစ်ကာ စိတ်ဝင်စားသူများသည် မေ ၂၆ ရက်မှစပြီး ဇွန် ၁၀ ရက် အထိ နိုင်ငံတကာ ဆက်ဆံရေးနှင့် နိုင်ငံရေး သိပ္ပံဌာန ဝေသာလီဆောင် ဒဂုံလမ်း ရန်ကုန်တက္ကသိုလ်တွင် လျှောက်လွှာ ဝယ်ယူပြီး ဘွဲ့လက်မှတ် (မူရင်း/မိတ္တူ)၊ ဓာတ်ပုံတို့နှင့်တကွ ပူးတွဲလျှောက်ထားနိုင်ကြောင်း သိရသည်။
    နိုင်ငံတကာဆက်ဆံရေးသင်တန်းတွင် နိုင်ငံများ၏ ပထဝီဝင်၊ သမိုင်း၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ သံတမန်ရေး၊ အပြည်ပြည်ဆိုင်ရာဥပဒေ၊ လူ့အခွင့်အရေး စသည့် အကြောင်းအရာများကို သင်ကြားရမည်ဖြစ်ပြီး စီးပွားရေး အဖွဲ့အစည်းများ၊ NGO/ INGO အဖွဲ့အစည်းများ၊ နိုင်ငံရေးအ ဖွဲ့အစည်း များ၊ နိုင်ငံတကာသတင်းထောက်၊ ဥပ‌ဒေပညာရှင်၊ ဆရာ၊ ဆရာမများစသည့် အလုပ်အကိုင်အခွင့်အလမ်းများစွာရှိသည့် ပညာရပ်ဖြစ်သည်။
    ထပ်တိုးဖွင့်လှစ်မည့်အရှေ့တိုင်း ပညာဘွဲ့လွန်ဒီပလိုမာသင်တန်း (Post Graduate Diploma in Oriental Studies) ကို တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူများ လျှောက်ထားနိုင်ပြီး သင်တန်းကာလမှာ ရှစ်လနှင့် သင်တန်းကြေး ကျပ်တစ်သိန်းခွဲ ဖြစ် ပြီး ၂၀၂၅ ခုနှစ် ဇွန် ၅ ရက်တွင် စတင်ဖွင့် လှစ်သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။ သင်တန်းသားဦးရေ ၁၀၀ သာ လက်ခံမည်ဖြစ်သဖြင့် တက်ရောက်လိုသူများ သည် မေ ၂၅ ရက်မှ စပြီး သင်တန်းသားဦးရေ ပြည့်သည်အထိ လျှောက်ထားနိုင်ကြောင်း သိရသည်။
    အရှေ့တိုင်းပညာရပ်ဆိုသည်မှာ ကမ္ဘာ့အရှေ့ဘက်ပိုင်းနိုင်ငံများ၏ ကိုးကွယ်ယုံကြည်မှု၊ အတွေးအခေါ်၊ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာလက်ရာ၊ သမိုင်း စသည်တို့ကို လေ့လာသော ပညာရပ်ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်တွင် ဘွဲ့လွန်ဒီပလိုမာသင်တန်း ၁၁ ခု ထိဖွင့်လှစ် ထားနိုင်ကြောင်း သိရသည်။   ထူးမြတ်

Total Views ~ 40

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45366

© 2022 - 2025 News. All Rights Reserved.