Breaking

ရန်ကုန်တိုင်းအတွက် သောက်သုံးရေ၊ စိုက်ပျိုးရေ ပေးဝေလျက်ရှိသည့် ငမိုးရိပ်ချောင်း ပြန်လည်တူးဖော်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

ရန်ကုန်၊ ဇူလိူင် ၁၇
    ၂၀၂၃ ခုနှစ် အောက်တိုဘာလ  မိုးနှောင်းရာသီအတွင်း ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့ နယ်နှင့် ဒဂုံမြို့သစ်မြို့နယ် များမှာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရာ အဆိုပါဖြစ်စဉ်မျိုး နောင်နှစ်များတွင် မဖြစ်ပေါ်စေရန်အတွက် အဓိကရေနုတ်ပေးနိုင်သည့် ငမိုးရိပ်ချောင်း ပြန်လည်တူးဖော်ခြင်း လုပ်ငန်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ ရေးဦးစီးဌာနမှ ဆောင်ရွက်ခဲ့ရာ ၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်အတွင်း ရာနှုန်းပြည့် ပြီးစီး သွားပြီဖြစ်ကြောင်း သိရသည်။
    "ရန်ကုန်တိုင်း ဒေသကြီးအစိုးရ အဖွဲ့၏ ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး  ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲမှုဦးစီး ဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ ငမိုးရိပ်ချောင်း တူးဖော်ခြင်း လုပ်ငန်းများ ဆောင်ရွက်တဲ့အခါမှာလည်း ငမိုးရိပ် တမံ၏ ရေပိုလွှဲအထွက်ပိုင်းမှစပြီး ချောင်း အလျား ၂၂ မိုင်အထိ အပိုင်းတွင် လက်ရှိချောင်းအကျယ်မှာ အချို့နေရာများတွင် ပေ ၂၀ မှ ပေ ၈၀ ခန့်သာ ရှိတော့တဲ့အတွက်  ရေစီးရေလာ ကောင်းမွန်စေရန် သတ်မှတ် ချောင်းအကျယ် ပေ ၁၀၀ ထိရရှိအောင် တူးဖော်ခြင်း၊ ငမိုးရိပ်ချောင်းကိုဖြတ်ပြီး တည် ဆောက်ထားတဲ့ တံတားများ၏ အောက်က မြေသားကျဉ်း မြောင်းနေတဲ့ နေရာတွေကို ပြန်လည်ချဲ့ထွင်ခြင်းနဲ့၊ လဲပြိုပြီးပိတ်ဆို့နေတဲ့ သစ်ပင်နဲ့ ချုံနွယ်တွေကို ဖယ်ရှားရှင်းလင်း ခြင်းတွေကိုပါ ဆောင်ရွက်ခဲ့ရပါတယ်"ဟု ရန်ကုန်တိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေ အသုံးချမှု စီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဉာဏ်စိုးက ပြောသည်။
    ငမိုးရိပ်ချောင်းသည် လှည်းကူးမြို့ နယ်အတွင်းရှိ ငမိုးရိပ်တမံမှ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့ နယ်အတွင်းရှိ ငမိုးရိပ်ရေတံခါးအထိ ၄၇ မိုင်ရှည်လျားတဲ့ ငမိုးရိပ်ချောင်း ကို တိမ်ကောကျဉ်းမြောင်းနေသဖြင့် ပြန်လည်တူးဖော်ရန် လိုအပ်သည့် ချောင်းအထက်ပိုင်း ၂၂ မိုင်ကို ပြန်လည် တူးဖော်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ကျန်ရှိသည့် ချောင်းအလျား ၂၅ မိုင်မှာ ချောင်းအကျယ်နဲ့အနက်ပြည့်မီပြီး ရေစီးဆင်းမှု ကောင်းမွန်နေဆဲဖြစ်၍ ပြန်လည်တူးဖော်ရန်မလိုအပ်သဖြင့် မူလချောင်း အတိုင်းသာ ထိန်းသိမ်းထားရှိကြောင်း သိရသည်။ 
    ငမိုးရိပ်တမံ၏ အောက်ဘက်တွင် ရေဆင်းဧရိယာ စတုရန်းမိုင် ၃၀၀ ရှိသည့် ငမိုးရိပ်ချောင်း အတွင်းသို့ အင်ဂေါက်ချောင်း၊ ဥယျာဉ်ချောင်း၊ ကနစိုချောင်း၊ ကဒီချောင်း၊ ဝါးဒလယ်ချောင်း၊ ကြပ် ချောင်း၊ ရဲဘက်ရိုး၊ ရွှေမယ်ရိုး၊ ကလီထော်ချောင်း၊ စာဘူးတောင်ရိုး၊ ကျားလူးရိုး၊ ခရိန်ချောင်း၊ ရှမ်းတဲ ကြီးချောင်း၊ မလစ်ချောင်း၊ ဝါးရုံတစ်ပင်ရိုး၊ ကျွဲတလင်းရိုး၊ ဦးတိုက်ရိုး၊ ဦးဖီးရိုး၊ တော်တမတ်ရိုး၊ ကျူချောင်းရိုး၊ ဘားလားချောင်းစသည့် ချောင်းရိုးများစွာ စီးဝင်သည်။   
    ငမိုးရိပ်ချောင်းသည် ရန်ကုန်မြို့အတွင်းရှိ လှည်းကူးမြို့နယ်၊ ဒဂုံမြို့သစ်မြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ တောင်ဥက္က လာပမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ပုဇွန်တောင်မြို့နယ်နှင့် သာကေတမြို့နယ်စသည့် မြို့နယ် ခုနစ်မြို့နယ်ကို ဖြတ်သန်းစီးဆင်းပြီး ပဲခူးမြစ်နှင့် ရန်ကုန်မြစ်ဆုံ အတွင်းသို့စီးဝင်သည်။ မြောက်ဥက္ကလာပမြို့နယ်အထိ လှေသင်္ဘောများ ဝင်ရောက်နိုင်ပြီး ဒေသနေပြည်သူများအတွက် လူမှုစီးပွားနှင့် စိုက်ပျိုးရေးလုပ်ငန်းများကို အထောက်အပံ့ဖြစ်စေသည့်အပြင် ငမိုးရိပ်တမံမှ ရန်ကုန်မြို့တော်သို့ နေ့စဉ် သောက်သုံးရေ ဂါလန်သန်း ၁၃၀ နှင့် နှစ်စဉ် စိုက်ပျိုး မြေ ၃၀၅၆၇ ဧကတို့ကို စိုက်ပျိုးရေ ပေးဝေလျက်ရှိပြီး ၁၉၉၅ ခုနှစ်တွင် ငမိုးရိပ်တမံကို တည်ဆောက်ပြီးစီးခဲ့ပြီး နောက်ပိုင်း ငမိုးရိပ်ချောင်း ပြန်လည်တူးဖော် ခြင်းလုပ်ငန်းကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအစိုးရလက်ထက်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်ကြီး ကြပ်မှုဖြင့် ပထမဦးဆုံးအကြိမ် ပြန်လည်တူးဖော်နိုင် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Total Views ~ 206

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45388

© 2022 - 2025 News. All Rights Reserved.