၂၀၂၃ စက်တင်ဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီး မြို့နယ်အသီးသီးရှိ စားသုံးသူပြည်သူများအတွက် တစ်မြို့နယ်လျှင်စားသုံးဆီ ခြောက်ပေပါအထိ မြို့နယ်များသို့ သင့်တင့်သော ဈေးနှုန်းဖြင့် တိုးမြှင့် ရောင်းချပေးလျက်ရှိရာ စားသုံးသူ ပြည်သူများ လက်ဝယ်အရောက် တိုက်ရိုက်ရောင်းချနိုင်ရေး တာဝန်ရှိသူ အဆင့်ဆင့်က ကြီးကြပ်ဆောင်ရွက်သွားရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ကပြော ကြားသည်။
တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ လုပ်ငန်းညှိနှိုင်း (၇/၂၀၂၃) အစည်းအဝေးအား စက်တင်ဘာ ၁၁ ရက် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းကပြည်သူများ တည်ငြိမ်အေးချမ်းစွာ လုပ်ကိုင်နေထိုင်လျက်ရှိရာ အဖျက်အမှောင့်လုပ်ရပ် လုပ်ကိုင်သူများက ဝါဒဖြန့် လုပ်ကြံသတင်းများဖြင့် ဖော်ပြလျက်ရှိရာ သတင်းလက်ဦးမှုရရှိရေး ဆောင်ရွက်ရန်၊ တစ်မြို့နယ်လျှင် စားသုံးဆီ ခြောက်ပေပါအထိတိုး၍ သင့်တင့်သော ဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ စားသုံးသူပြည်သူများ လက်ဝယ်အရောက် တိုက်ရိုက်ရောင်းချနိုင်ရေး တာဝန်ရှိသူအဆင့်ဆင့်က ကြီးကြပ်ဆောင်ရွက်သွားရန်နှင့် ဈေးနှုန်းအမြတ် တင်ရောင်းချနေမှုများကိုလည်း အရေးကြီး ကုန်ပစ္စည်း ဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်ရန် ပြောကြားခဲ့သည်။
ထို့အပြင်လယ်ယာမြေများတွင် ရာသီပေါ်သီးနှံများသာ စိုက်ပျိုးရန်နှင့် အခြားနည်းသုံးစွဲခွင့်များ မပြုလုပ်ရေး၊ လယ် ယာမြေများ မလျော့စေရေး တာဝန်ရှိသူ အဆင့်ဆင့်က အောက်ခြေအဆင့်အထိ ကြီးကြပ်ဆောင်ရွက်ရန်၊ ကိုဗစ် ထပ်ဆောင်း ကာကွယ်ဆေးများ လူတိုင်းစေ့ထိုးနှံနိုင်ရေး ဆောင်ရွက်ရန်၊ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် ပဏမ စမ်းသပ်ကောက်ကွက် ၁၀၀ ကောက်ယူ မည်ဖြစ်ရာ ဌာနဆိုင်ရာများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးရန် ဖြည့်စွက်ပြောကြားသည်။