နေပြည်တော်၊ စက်တင်ဘာ ၂၅
တာချီလိတ်မြို့တွင် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုဖြစ်စဉ်များကြောင့် လူသေဆုံးမှုများရှိခဲ့ပြီး ယခုအခါ ရေများပြန်လည် ကျဆင်းသွားပြီဖြစ်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။
တာချီလိတ်မြို့ လူနေအိမ်များ၊ လမ်းမများတွင် ရွှံ့နွံများတင်ကျန်နေခဲ့ခြင်းကြောင့် ပြန်လည်ထူထောင်ရေးအတွက် အခက်အခဲရှိပြီး ရေကြီးနစ်မြုပ်စဉ်က ရေနစ်သေဆုံးသူနှင့် မြေပြို၍ သေဆုံးသူများရှိခဲ့ကြောင်း တာချီလိတ်မြို့ ဦးလှမိုး ပရဟိတအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
"တာချီလိတ် အခြေအနေကတော့ လောလောဆယ်သန့်ရှင်းရေး၊ ပြန်လည်ထူထောင်ရေး လုပ်နေရပါတယ်။ ရေကတော့ မြို့ထဲပိုင်းမှာကျသွားပြီ။ ချောင်းထဲမှာတော့ ရေရှိသေးတယ်။ အနိမ့်ပိုင်းတွေမှာနည်း နည်းတက်တဲ့ နေရာလေးတွေတော့ ရှိသေးတယ်။ ပြန်လည်ထူထောင်ရေးအတွက် အ ခက်အခဲရှိတယ်။ ရေဝင်ထားတော့ နွံတွေက တချို့ဆို ခါးလောက်၊ တချို့ဆို ဒူးလောက်ရှိတယ်။ အိမ်ထဲအထိ ဝင်တာဆိုတော့လေ။ ကျွန်တော်တို့ ပရဟိတ အသင်းအဖွဲ့တွေကတော့ အစားအသောက်၊ ရေ၊ ထမင်း စသဖြင့် ပံ့ပိုးကူညီပေးနေပါတယ်။ အားလုံးညီတူညီမျှရအောင် ကူညီပေးနေပါ တယ်။ စည်ပင်နဲ့ တခြားတာဝန်ရှိသူတွေကတော့ သန့်ရှင်းရေးအတွက် ကူညီပေးနေပါတယ်။ တာချီလိတ်မှာ ကျွန်တော်တို့ လုပ်ပေးခဲ့ရတာ တော့ ရေနစ်လို့ သေဆုံးတာ ငါးဦးလောက်ရှိတယ်။ မြေပြို တာတော့ ၁၀ ယောက်ကျော်မယ်"ဟု ၎င်းကပြောသည်။
ယခုအခါ တာချီလိတ်မြို့နယ် ရေကြီးရေလျှံမှုကြောင့် တင်ကျန်ရစ်သော အမှိုက်များ၊ ရွှံ့နွံများကို စက်ယန္တရားအကူအညီများဖြင့် ဖယ်ရှားလျက်ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးနှင့် တာချီလိတ်ခရိုင်၊ မြို့နယ်၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ၏ တာချီလိတ်မြို့အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ညှိနှိုင်းအစည်း အဝေးကို စက်တင်ဘာ ၂၂ ရက်က ဝမ်ကောင်းရပ်ကွက် အောင်မြတ်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
စက်တင်ဘာလ ၂၂ရက်တွင် တာချီလိတ် မယ်ဆိုင် အမှတ် (၁)ချစ်ကြည်ရေး တံတားအောက်တွင် စုပေါင်းအမှိုက်ကောက်၍ သန့်ရှင်းရေးပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ကွန်းဈာန်