၂၀၂၃ ဇွန် ၂၈
ရော်ဘာလုပ်ငန်းများတွင် တရားမဝင်ကုန်သွယ်မှုကြောင့် ထိခိုက်နစ်နာမှုများကြုံတွေ့နေရကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းက ပြောသည်။
မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးအောင်မြင့်ထူးနှင့် အဖွဲ့ဝင်များသည် တန်ဖိုးမြင့် ရော်ဘာများ တိုးမြှင့်ထုတ်လုပ်နိုင်ရန်၊ နိုင်ငံတကာ ဈေးကွက်သို့ ပိုမိုတင်ပို့နိုင်ရန်အတွက် ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းနှင့် အသင်းချုပ်တာဝန်ရှိသူများကို ဇွန်လ (၂၆) ရက်က အသင်းချုပ်ရုံး၌ တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။
ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်းက ရော်ဘာထုတ်လုပ်မှုလုပ်ငန်းကဏ္ဍသည် စိုက်ပျိုးရေးအခြေခံသည့် ကုန်ထုတ်လုပ်မှု စီးပွားရေးလုပ်ငန်း အမျိုးအစားဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းအများအပြားကို ဖန်တီးပေးနေသည့်အပြင် နိုင်ငံခြားဝင်ငွေ ရှာဖွေပေးနိုင်သောကဏ္ဍလည်းဖြစ်ကြောင်း ပြောသည်။
ထို့အပြင် အသင်းအနေဖြင့် ရော်ဘာပိုမိုတိုးမြှင့် ထုတ်လုပ် တင်ပို့နိုင်ရေးအတွက် အကြံပြုချက်များ၊ နည်းလမ်း များကို သုံးသပ်တင်ပြစေလိုကြောင်းနှင့် ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုဖွံဖြိုးတိုးတက်ရေး ညီလာခံကို နိုင်ငံတော်အဆင့် ပြပွဲများပါ တွဲဖက်ပြုလုပ်၍ ရော်ဘာကဏ္ဍအရေးပါမှုကို ပြသစေလိုကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။
ရော်ဘာထုတ်လုပ် တင်ပို့သည့် လုပ်ငန်းရှင် အများစုကိုလည်း အသင်းသို့ ဝင်ရောက်စေခြင်းဖြင့် အသင်း၏ အင်အားခိုင်မာ တောင့်တင်းရန်နှင့် လုပ်ငန်းကဏ္ဍပိုမို ကိုယ်စားပြုနိုင်ရန် အကြံပြုလိုကြောင်း ဥက္ကဋ္ဌ ဦးအေးဝင်းကပြောကြားခဲ့သည်။
မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးအောင်မြင့်ထူးက အသင်း၏ လုပ်ငန်းစဉ်များ၊ တန်ဖိုးမြင့်ရော်ဘာထုတ်လုပ်မှုသတ်မှတ်ချက်၊ တောင်သူအသိပညာပေးအစီအစဉ်များ၊ မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းနှင့် နိုင်ငံတကာအသင်းများ ချိတ်ဆက်မှု၊ နိုင်ငံတကာ တာယာစက်ရုံများ၏ လိုအပ်ချက်နှင့်အညီ တန်ဖိုးမြင့် ရော်ဘာထုတ်ကုန်သတ်မှတ်ချက်များ၊ တန်ဖိုးမြင့် Ribbed Smoked Sheet (RSS) ရော်ဘာ၏ သတ်မှတ်ချက်များ၊ လက်ရှိ မြန်မာ့ရော်ဘာဈေးကွက်တွင် တွေ့ရှိရသော ကုန်ကြမ်းရော်ဘာများ ၊ တန်ဖိုးမြင့် ရော်ဘာသတ်မှတ်ရန် အမျိုးအစားများ စသည်တို့ကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ပြည်ပသို့ ရော်ဘာတင်ပို့မှု မြင့်တက်လာခဲ့ရာ ယခုဘဏ္ဍာ နှစ် မေလတွင် အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၄၉ သန်းတန်ဖိုးရှိ ရော်ဘာတန်ချိန် ၁၈၁၉၀ တင်ပို့ရောင်းချပေးခဲ့ကြောင်းနှင့် မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသည့် ရော်ဘာများကို တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ တောင်ကိုရီးယားနှင့် တရုတ်(တိုင်ပေ) နိုင်ငံသို့ အဓိကတင်ပို့ရောင်းချနေခြင်းဖြစ်ကြောင်း သိရသည်။