နေပြည်တော်၊ ဇွန် ၁၀
ရွေးကောက်ပွဲ လုံးလုံးလျားလျား မကျင်းပနိုင်သည့် ဧရိယာမှ ပြည်သူများ လက်နက်ကိုင် ခြယ်လှယ်နေကြသူများ အလိုကျ နေထိုင်ရမည်ဖြစ်၍ နစ်နာမှုများရှိမည်ဖြစ်ကြောင်း ပြည်သူ့ပါတီ ရန်ကုန်တိုင်းဒေသကြီးဥက္ကဋ္ဌ ဦးလှဌေးက ပြောသည်။
"လုံးလုံးလျားလျား မလုပ်နိုင်တဲ့ နေရာတွေကတော့ နစ်နာမှုရှိနိုင်တယ်။ အဲဒီ ဧရိယာတွေမှာ လွှတ်တော်ကိုယ်စားလှယ်တွေ မရှိတဲ့အတွက် ပြည်သူလူထုရဲ့ လိုအပ်တဲ့ လုပ်ငန်းစဉ်တွေကို ဆောင်ရွက်ပေးနိုင်တဲ့ အခြေအနေ မရှိတော့ဘူး။ အဲဒီနယ်မြေမှာ အုပ်ချုပ်နေတဲ့ အုပ်ချုပ်ရေးအဖွဲ့ အစည်းရဲ့ သဘောအတိုင်းပဲ သွားနေတဲ့ဒဏ်ကို ပြည်သူလူထုက ခံစားရမယ်။ တကယ်ခံစားရမှာက ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ ဒေသက ပြည်သူတွေအတွက် အခွင့်အရေးတွေ ဆုံးရှုံးတယ်။ အဓိက ကတော့ ပဋိပက္ခဒေသတွေပေါ့။ ရခိုင်၊ ကချင်၊ ရှမ်းမြောက်၊ ချင်း၊ စစ်ကိုင်းဘက်တွေက ပဋိပက္ခ ပြင်းထန်တဲ့ ဒေသတွေ။ အဲဒီဒေသတွေကတော့ ငြိမ်းချမ်း ရေးမရဘဲနဲ့ ရွေးကောက်ပွဲလုပ်ဖို့က မလွယ်တဲ့ ဧရိယာတွေဖြစ်တယ်။ ကြားဖြတ်ရွေး ကောက်ပွဲလည်း လုပ်ဖို့ တော်တော်ကိုမလွယ်တဲ့ ဧရိယာတွေ ဖြစ်တယ်။ အဲဒီဧရိယာမှာနေထိုင်တဲ့လူထုက အဲဒီဧရိယာမှာ အုပ်ချုပ်နေတဲ့သူတွေရဲ့ သူတို့သဘောကျ အုပ်ချုပ်မှုဒဏ်ကို ခံနေရမှာ။ ကောင်းချင်လည်း ကောင်းမယ်။ ဆိုးချင်လည်းဆိုးမယ်။ တကယ်ခံ စားရမှာက ဒေသခံပြည်သူတွေပဲဗျ။ လက်နက်ကိုင်ခြယ်လှယ်နေကြတဲ့ သူတွေရဲ့ အလိုကျပဲ နေရမယ့် သဘောရှိတယ်"ဟု ၎င်းကပြောသည်။
ရွေးကောက်ပွဲကို အပိုင်းလိုက် ကျင်းပပြီး လွှတ်တော်ခေါ်၍ အစိုးရဖွဲ့ကာ ချန်လှပ်ထားခဲ့ရသည့် နေရာဒေသများအတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနိုင်ကြောင်း ဦးလှဌေးက ပြောသည်။
"ရွေးကောက်ပွဲရဲ့ သဘောတရားက ပထမအကြိမ် လုပ်တဲ့အခါမှာ အေးချမ်းတဲ့ဒေသတွေကို အရင်လုပ်သွားမယ်ပေါ့။ ကျွန်တော်တို့သိထားတာ။ ဒီဇင်ဘာမှာ တစ်ကြိမ်၊ ဇန်နဝါရီမှာ တစ်ကြိမ်လုပ် မယ့်သဘောလို့ နားလည်ထားတယ်။ သူက ဒီဇင်ဘာနဲ့ ဇန်နဝါရီလို့ ပြောတာကိုး။ ဆိုတဲ့အခါကျတော့ ပထမအကြိမ် ရွေးကောက်ပွဲကို ဒီဇင်ဘာမှာ လုပ်မယ်။ ရတဲ့မြို့နယ်တွေမှာ လုပ်သွားမယ်။ နောက်တစ်ခါ ဒုတိယအကြိမ်ကို ဇန်နဝါရီ ထဲမှာလုပ်မယ်။ ရတဲ့မြို့နယ်တွေမှာ လုပ်သွားမယ်။ အဲဒီလိုလုပ်ပြီး ကျန်တဲ့မြို့နယ်တွေ ရှိမယ်။ ကျန်တဲ့မြို့နယ်တွေတော့ လတ်တလောမှာ ထားခဲ့ရမယ်။ ထားခဲ့ပြီးတော့ လုပ်ပြီးသား မြို့နယ်တွေနဲ့ လွှတ်တော်ခေါပြီး အစိုးရဖွဲ့လို့ရတယ်။ လွှတ်တော်ရဲ့ ယန္တရား၊ အစိုးရရဲ့ ယန္တရား အဲဒီအချိန်မှာ သွားလို့ရတယ်။ စောစောက မငြိမ်းချမ်းသေးတဲ့ဧရိယာတွေက ဒီအချိန်မှာ ထားခဲ့ပြီးတော့ နောင်တစ်ချိန်ကျမှ ကြားဖြတ်ဆိုပြီး ပြန်ကျင်းပလို့ရတယ်။ ရွေးကောက်ပွဲရဲ့ သဘောတရားမှာ အခုတစ်ခေါက် ကျင်းပလိုက်တယ်ဗျာ။ လွှတ်တော်ကိုယ်စားလှယ်တွေ ရလာမယ်။ လွှတ်တော်ကိုယ်စားလှယ်တွေကို ရွေးပြီးတဲ့အခါမှာ လွှတ်တော်ခေါ်မယ်။ လွှတ်တော်ထဲ ကနေပြီးတော့ အစိုးရအဖွဲ့တွေ ဖွဲ့မယ်။ အဲဒီလို အစိုးရအဖွဲ့ဖွဲ့တဲ့အခါမှာ အဓိကတော့ ပြည်ထောင်စုဝန်ကြီးတွေ ဖြစ်သွားမယ့် လွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော်ကိုယ် စားလှယ်ဘဝကနေ ဖယ်ပေးရမယ်။ အဲဒီ လွှတ်တော်ကိုယ်စားလှယ်နေရာတွေက လစ်လပ်တဲ့နေရာတွေ ပြန်ဖြစ်သွားမယ်။ အဲဒီ လစ်လပ် နေရာတွေကို အစားထိုးဖို့ ကြားဖြတ်ရွေးကောက်ပွဲက လုပ်ကိုလုပ်ရတယ်။ အဲဒီလို ကြားဖြတ်ရွေးကောက်ပွဲ လုပ်တဲ့အချိန်မှာ စောစောက ချန်ထားတဲ့ မငြိမ်းချမ်း သေးတဲ့နေရာတွေက ငြိမ်းချမ်းသွားပြီ ဆိုရင် အဲဒီကြားဖြတ်ရွေးကောက်ပွဲမှာ ပေါင်းပြီး တော့ ပြန်လုပ်လို့ရတယ်"ဟု ၎င်းကပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် နယ်မြေဒေသ အခြေအနေအရ ကန့်သတ်ချက်ရှိတဲ့ နယ်မြေများမှလွဲ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးတွင် ဦးစားပေး စီအစဉ်အတိုင်း အပိုင်းခွဲ၍ ကျင်းပရန် လျာထားပြီး အပိုင်းအလိုက် ရွေးကောက်ပွဲ ကျင်းပမည့်ရက်များကို သတ်မှတ်ပေးမည်ဖြစ်သည်။ ကွန်းဈာန်