ရန်ကုန်၊ ဇူလိုင် ၂၃
ရွေးကောက်ပွဲကို မလိုလားသည့် ဝါဒဖြန့်မှုများရှိနေသော်လည်း ကချင်ဒေသခံများ အချိန်တန်လျှင် မဲလာထည့်လိမ့်မည်ဟု ယုံကြည်ကြောင်း ကချင်ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီများက သုံးသပ်ပြောကြားလိုက်သည်။
"လက်ရှိ ဒေသခံတွေအနေနဲ့ကတော့ ရွေးကောက်ပွဲ ကျင်းပမှာကို တော်တော်များများ သိကြပါတယ်။ အဓိကကတော့ ဘယ်လိုပုံစံနဲ့ သွားမလဲ၊ ဘယ်လိုပုံစံနဲ့ ကျင်းပမလဲဆိုတာတွေကို နားမလည်ကြတာတော့ရှိတယ်။ ရွေးကောက်ပွဲနီးလာရင်တော့လည်း သူတို့သိလာကြမယ်၊ နား လည်မယ်လို့ ယူဆပါတယ်။ နောက်ပြီး တစ်ဖက်မှာကလည်း ရွေးကောက်ပွဲကို နိုင်ငံတော်တော်များများက အသိအမှတ် မပြုဘူးဆိုပြီး လော်ဘီတွေက ဝါဒဖြန့် ပြောဆိုနေကြတာ ရှိတယ်။ နောက် ရွေးကောက်ပွဲမဲပေးရင် ဘာမှထိရောက်မှာမဟုတ်ဘူး။ အထူးသဖြင့် ကုလသမဂ္ဂက အသိအမှတ်မပြုဘူးဆိုတဲ့ အသုံးအနှုန်းကို သူတို့ သုံးထားပြီးမှ မီဒီယာတွေကနေတစ်ဆင့် ထည့်စည်းရုံးတာ တွေ့နေရပါတယ်။ တချို့ကျတော့ ရွေး ကောက်ပွဲက တရားမဝင်ဘူး၊ ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုတာမျိုးတွေနဲ့ ရွေးကောက်ပွဲကို အနှောင့်အယှက်ပေးတဲ့ပုံစံမျိုး လုပ်လာတာ တွေ့ရတယ်။ နှောင့်ယှက်ပေးတယ် ဆိုတာကတော့ နှုတ်နဲ့ပေါ့၊ မဲတကယ်ပေးမယ့်သူတွေကို မျိုးစုံပြောနေကြတာပေါ့။ အသံတိတ်ပြည်သူလူထု ဆိုတာကတော့ ရွေး ကောက်ပွဲနဲ့ပတ်သက်ပြီး သူတို့လုပ်သင့်တာ လုပ်ကြမယ်လို့ ထင်ပါတယ်။ Silent ဆိုတာက တိတ်ဆိတ် တည်ငြိမ်ပြီးတော့ ဆုံးဖြတ်ထားကြတဲ့သူတွေပေါ့။ သူတို့က အချိန်တန်ရင် မဲထည့်ကြမယ်လို့ ယုံကြည်ပါ တယ်"ဟူ၍ ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) အထွေ ထွေအတွင်းရေးမှူး ဦးမရစ်ကွမ်ဂျာ ပြောသည်။
အလားတူ အထွေထွေရွေး ကောက်ပွဲကြီး မကျင်းပနိုင်စေရန်နှင့် နိုင်ငံရေးပါတီများအား ရွေးကောက်ပွဲမဝင်ကြရန် နှောင့်ယှက်မှုများ၊ ခြိမ်းခြောက်နေမှုများ ပြည်နယ်တချို့တွင်ရှိနေသလို အတုအယောင် ရွေးကောက်ပွဲ၊ နိုင်ငံတကာ အသိအမှတ်မပြုသည့် ရွေးကောက်ပွဲစသည့် ဝါဒဖြန့် မှုများလည်း ရှိနေကြောင်း လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) ဥက္ကဋ္ဌ ဦးလီပေါ်ရဲ့က ပြောသည်။
"အဓိကကတော့ နဂိုက အနီထောက်ခံခဲ့တဲ့၊ ထောက်ခံနေတဲ့အဖွဲ့တွေကနေ ဝါဒဖြန့်တာကတော့ ရှိကြမှာပါပဲ။ အရင်တုန်းက NLD ထောက်ခံတဲ့သူ ရှိတယ်။ မထောက်ခံတဲ့သူ ရှိတယ်။ မထောက်ခံတဲ့သူက လည်း အများကြီးရှိခဲ့တာကိုး။ အနီထောက်ခံတဲ့ သူတွေကတော့ ဒီလိုပဲပြောမှာပဲ။ ပြောတဲ့သူတွေလည်း သူတို့ပါပဲ။ ဒါပေမဲ့ အစိုးရက ဘာပဲကောင်းအောင်လုပ်လုပ် သူတို့ကတော့ မကောင်းတာပြောမှာပဲ။ ဒီလို ဝါဒဖြန့်လို့လည်း သက်ရောက်မှု ဘာမှမရှိဘူး။ အဲဒီလို ပြောနေတဲ့သူတွေက မဲလည်းလာထည့်ကြမယ့်သူတွေ မဟုတ်ဘူး။ အနီထောက်ခံလာတဲ့သူတွေတောင်မှ တချို့နားလည် သဘောပေါက်လာကြပြီလေ။ အေးအေးချမ်းချမ်း ဖြစ်စေချင်ကြတဲ့ ဒေသခံတော်တော် များများကတော့ မဲထည့်ကြမှာ သေချာပါ တယ်"ဟု ဦးလီပေါ်ရဲ့က ဆက်ပြောသည်။
ထိုသို့ ရွေးကောက်ပွဲကို ပျက်စီးရာပျက်စီးကြောင်း ဝါဒဖြန့်မှုများ၊ ရွေးကောက်ပွဲကို မလိုလားမှုနှင့် အမုန်းတရားများ နိုင်ငံအနှံ့တွင်ရှိနေကြောင်း ကချင်ပြည်နယ် အခြေစိုက်ပါတီတစ်ခုဖြစ်သည့် တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက် ရေးပါတီ(TNDP) ဥက္ကဋ္ဌ စိုင်းဌေးအောင်က ပြောသည်။ ၂၀၂၀ ရွေးကောက်ပွဲမဲမသမာမှုဖြစ်စဉ် ပေါ်ပေါက်လာသည့် နိုင်ငံရေးအခြေအနေများကြောင့် ပြည်သူလူထု ဒုက္ခ ရောက်ခဲ့ကြသည့်အတွက် တိုင်းပြည်အရွေ့အတွက် အခက်အခဲအကျပ်အတည်း လွန်မြောက်မှုများ ရွေးကောက်ပွဲကို ဖြစ်မြောက်အောင်မြင်စေလိုသည့်ဆန္ဒလူထုက လိုလားနေကြသည်ဟု စိုင်းဌေးအောင်က ဆက်ပြောသည်။ (ညီသစ်)