နေပြည်တော်၊ ဇွန် ၄
နစက အစိုးရမှ ကျင်းပပေးမည့် ရွေးကောက်ပွဲကို လက်နက်ကိုင် အကြမ်းဖက်၍ ပျက်စီးအောင် ပြုလုပ်မည်ဆိုလျှင် ပြည်သူလူထုသည်သာ ဓားစာခံဖြစ်သွားနိုင်ကြောင်း ပြည်သူ့ပါတီ ရန်ကုန်တိုင်းဒေ သကြီး ဥက္ကဋ္ဌ ဦးလှဌေးက ပြောသည်။
"အခုကတော့ ဘက်နှစ်ဖက်မှာ တစ်ဖက်က ရွေးကောက်ပွဲကို အောင်မြင်အောင် ကျင်းပမယ်။ ဘက်တစ်ဖက်ကလည်း ရွေးကောက်ပွဲကို နည်းလမ်းမျိုးစုံနဲ့ ဖျက်ဆီးမယ်ဆိုပြီးတော့ အတိအလင်း ကြေညာထားတဲ့ အခါကျတော့ ဒါက မကောင်းတဲ့ လက္ခဏာတစ်ခုပါ။ ကျွန်တော်တို့ တိုင်းပြည်ရဲ့ အပြောင်းအလဲကို ဘယ်လိုနည်းလမ်းတွေနဲ့ ဖော်ဆောင်ကြမှာလဲ။ ဒီရွေးကောက်ပွဲ မဖြစ် မြောက်ရင်၊ ရွေးကောက်ပွဲကြီး ပျက်သွားရင် ကျွန်တော်တို့ တိုင်းပြည်က ကောင်းသွားမှာလား။ ကောင်းအောင် ဖော်ဆောင်မယ့် ဘယ် လိုနည်းလမ်းတွေ ရှိမှာလဲ။ ဒါကတော့ တွေးကြည့်ကြပေါ့ဗျာ။ ရွေးကောက်ပွဲကို တစ်ဖက်က လုပ်မယ်၊ တစ်ဖက်က ဖျက်ဆီးမယ်ဆိုတဲ့နေရာမှာ ဘယ်လိုပုံစံနဲ့ ဖျက်ဆီးကြမှာလဲ။ လက်နက်ကိုင်ပြီးတော့ ပစ်ခတ်တိုက်ခိုက်တာတွေ ဖြစ်လာကြဦးမှာလား။ အဲဒီလိုဆိုတော့ ဒါကတော့ တပ်မတော်ဘက်ကတော့ ဆက်ပြီးတော့ ဒါက ရွေးကောက်ပွဲကိုလည်း ရည်ရွယ်ပြီးတော့ အပစ်အခတ် ရပ်စဲမယ်ဆိုတာကိုတော့ ပြောပြထားပြီ။ တစ်ဖက်ကတော့ ဘယ်လို အခြေအနေတွေ ဖန်တီးလာမလဲ ဆိုတာကတော့ ကျွန်တော်တို့က ဆက်ပြီး စောင့်ကြည့်ရဦးမယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူတိုင်းလူတိုင်း ကတော့ ကိုယ့်ရည်ရွယ်ချက်၊ ကိုယ့်ခံယူချက်တွေနဲ့ ဖြတ်သန်းနေကြတာပဲ။ အဲဒီလို ဖြတ်သန်းနေတဲ့ အချိန်မှာ ရွေးကောက်ပွဲကို လက်နက်တွေကိုင်ပြီး အကြမ်းဖက်ပြီး ပျက်စီးအောင် လုပ်ကြမယ်ဆို ရင်တော့ ပြည်သူလူထုက ဓားစာခံဖြစ်မှာပါ။ ဘက်နှစ်ဖက်လုံးက လက်နက်ကိုင်ထား တဲ့ သူတွေဖြစ် ခြင်းကြောင့် အဓိကဆုံးရှုံးမှာ ပြည်သူပဲ ဖြစ်ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲကို ရည်ရွယ်ပြီး အပစ်အခတ်ရပ်စဲ ထားမယ်ဆိုတဲ့ ကိစ္စကတော့ အင်မတန် ကောင်းမွန်တဲ့ ကိစ္စပါပဲ"ဟု ၎င်းက ပြောသည်။
နိုင်ငံတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲကို အခုနှစ်အတွင်း မဖြစ်မနေ ကျင်းပဆောင်ရွက်ပေးနိုင်ရေး ကြိုတင်ပြင် ဆင်သည့် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အထွေထွေရွေးကောက်ပွဲ ကျင်းပချိန်တွင် တစ်နိုင်ငံလုံးရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများအားလုံး ဆန္ဒမဲပေးနိုင်ရေး ဒေသအလိုက် တည်ငြိမ်အေးချမ်းမှု ရှိစေရန်အတွက် လိုအပ်မည် ဖြစ်သည့်အတွက် တပ်မတော်အနေဖြင့် ဇွန်လကုန်ထိ ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကို ထပ်မံတိုးမြှင့် လိုက်ကြောင်း သိရသည်။ ကွန်းဈာန်