ရန်ကုန်၊ မေ ၂၇
တပ်မတော်အနေဖြင့်လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် အမာခံအနေဖြင့် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မေ ၂၃ ရက် တြိဂံဒေသတိုင်းစစ်ဌာနချုပ် ကျိုင်းတုံတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တိုင်းစစ်ဌာနချုပ် ပြည်ငြိမ်းအေးခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲ၌ တွေ့ဆုံအမှာ စကားပြောကြားရာတွင် နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှု အခြေအနေများကို အရာရှိ၊ စစ်သည်၊ မိသားစု သိရှိနားလည်နိုင်ရန်နှင့် အခြားလိုအပ်သည်များကို မှာကြားသွားမည်ဖြစ်ကြောင်း၊ ယခုနှစ်ကုန်ပိုင်းတွင် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတစ်ရပ်ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုဖြစ်စဉ်များကြောင့် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်နေရခြင်း ဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်ကို တာဝန်ယူဆောင်ရွက်ခဲ့ခြင်းကြောင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မဖြစ်မနေ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အမြန်ဆုံး ပြုလုပ်နိုင်ရန်အတွက် မိမိတို့အနေဖြင့် ကြိုတင်ပြင်ဆင်ခြင်းများကို ဆောင်ရွက်လျက်ရှိပြီး သန်းခေါင်စာရင်းကောက်ယူခြင်းများကို ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ သန့်ရှင်းသော ရွေးကောက်ပွဲဖြစ်စေရေး ဆန္ဒမဲပေးရာ၌ Electronic Voting Machine ဖြင့် မဲပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ Electronic Voting Machine ဖြင့် မဲပေးခြင်းဖြင့် မဲစာရင်းမှားယွင်းမှုများကို အနည်းဆုံး ဖြစ်စေနိုင်ကြောင်း ပြောကြားသည်။
ထို့အပြင် ရွေးကောက်ပွဲကျင်းပ ပြီးချိန်၌ ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီး ပြည်နယ်လွှတ်တော်များ ခေါ်ယူရာတွင် လွှတ်တော်အထမြောက်စေရေးအတွက် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး အားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင် ရွက်ကြရန်လိုကြောင်း၊ ဆန္ဒမဲပေးမှုနှင့် ပတ်သက်၍ ဒေသနှင့်နိုင်ငံတော်၏ အကျိုးကို အမှန်တကယ် ဖော်ဆောင်ပေးနိုင်သည့် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ရန် လိုကြောင်း ဖြည့်စွက် ပြောကြားခဲ့သည်။ ထူးမြတ်