ရန်ကုန်၊ ဇူလိုင် ၁၆
ရွှေအရောင်းဆိုင်များအနေဖြင့် စနစ်သစ်အရ သတ်မှတ်ထားသည့် အလေးချိန် စံချိန်စံညွှန်းအတိုင်း ရောင်းဝယ်မှု ရှိ၊ မရှိကို ဇူလိုင်လကုန်ပိုင်းတွင် စတင် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီမှ သိရပါသည်။
ရွှေရောင်းဝယ်သူများအနေဖြင့် အရေးကြီးကုန်စည်ဝန်ဆောင်မူဥပဒေတွင် ပါဝင်သော အချက်တစ်ခုဖြစ်သည့် အလေးချိန် စံချိန်စံညွှန်းသတ်မှတ်ချက် တစ်ကျပ်သား ရွှေအလေးချိန် ၁၆ ဒသမ ၃၂၉၃၂၅ ဂရမ်ကျပ်ပဲရွေး Digital ချိန်ခွင်အသစ်များ မဖြစ်မနေ ပြောင်းလဲကျင့်သုံးရမည် ဖြစ်သည်။
"မကြာခင် ဇူလိုင်လကုန်မတိုင်မီ အလေးချိန် စံချိန်စံညွှန်း သတ်မှတ်ချက်ဖြစ်တဲ့ စနစ်သစ် တစ်ကျပ်သားမှာ ၁၆ ဒသမ ၃၂၉၃၂၅ ဂရမ် ကျပ်ပဲရွေး Digital ချိန်ခွင်အသစ်တွေ ပြောင်းလဲကျင့်သုံး စစ်ဆေးပါ့မယ်။
နောက်တစ်ဆင့်ဆိုရင် ရွှေအရည်အသွေး စံချိန်စံညွှန်း ပြည့်မီရပါမယ်။ ရွှေဆိုင်ဘောက်ချာမှာ ရေးထားတဲ့ ရွှေအရည်အသွေးအတိုင်း ပြည့်မီရမှာပါ။ ၁၅ ပဲရည်ရွှေက ၁၄ ပဲ ၂ ပြားဖြစ်နေရင် အရေးယူခံရနိုင်ပါတယ်"ဟု ဓာတ်သတ္တု (ရွှေ) ရည်ညွှန်း ဈေးသတ်မှတ်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။
အဆိုပါ အချက်နှစ်ချက်အတိုင်း ရွှေဆိုင်များ ရောင်းဝယ်မှု ရှိ၊ မရှိကို စစ်ဆေးမှုများပြုလုပ်သွား မည်ဖြစ်ကြောင်း သိရပါသည်။
လက်ရှိမှာ သတ်မှတ်ဈေးနှုန်းများ အတိုင်း ရောင်းဝယ်မှုမရှိသည့် ရွှေဆိုင်များကို ကွင်းဆင်းစစ်ဆေး အရေးယူလျက်ရှိရာ၊ သတ်မှတ်ရွှေဈေးအတိုင်း အရောင်းအဝယ် မပြုလုပ်သည့် ရွှေကုန်သည် ပွဲစား ၁၀ ဦးကို အရေးယူမှု ပြုလုပ်ခဲ့ရသည်။
အရေးယူခံရသူ ၁၀ ဦးမှာ ရန်ကုန်မြို့မှ ရွှေကုန်သည်သုံးဦးနှင့် မန္တလေးမြို့မှ ရွှေကုန်သည် ခုနစ်ဦး ပါဝင်ပြီး အဆိုပါ ၁၀ ဦးကို သတ္တုတွင်း ဥပဒေအသစ်ဖြစ်သည့် အရေးကြီးကုန်စည်ဝန်ဆောင်မှု ဥပဒေပုဒ်မ -၅၊ ရာဇသတ်ကြီး ပုဒ်မ-၁၀၉ နှင့် အရေးယူ ဆောင်ရွက်ခဲ့ပြီး ထောင်ဒဏ်များ အသီးသီး ချမှတ်ခဲ့ကြောင်း သိရသည်။ ဖြူ