ရန်ကုန်၊ စက်တင်ဘာ ၁၇
ပုဂံညောင်ဦးဒေသသည် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်မြေများ ရှိသည့်အတွက် မြေယာ စီမံခန့်ခွဲမှုများနှင့်ပတ်သက်၍ စနစ်တကျဖြစ်စေရေး အထူးအလေး ထားဆောင်ရွက်သွားရန် နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လမ်း ညွှန်မှာကြားခဲ့သည်။
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် စက်တင်ဘာ ၁၆ ရက်က ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံယဉ်ကျေးမှု ပြတိုက်၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုး တက်ရေး ဆိုင်ရာများကို ဆွေးနွေးစဉ် နိုင်ငံတော်ဝန်ကြီးချုပ်က အထက်ပါအတိုင်း လမ်းညွှန်မှာကြားခဲ့သည်။
ဒေသရှိ မြေလွတ်မြေရိုင်းများ၊ လယ်ယာမြေများ၊ ရှေးဟောင်းမြေများ စီမံခန့်ခွဲမှုများနှင့် ပတ်သက်၍လည်း သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်း၊ ဥပဒေတို့နှင့် အညီဖြစ်ရန်လိုအပ်ပြီး မြေနှင့်ပတ်သက်၍ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်း၊ ဥပဒေများကို တိကျစွာ လိုက်နာ ဆောင်ရွက် သွားရန် လိုအပ်ကြောင်း၊ မြို့မြေများ တိုးချဲ့ရာတွင်လည်း Town Plan များ စနစ်တကျ ရေးဆွဲပြီး စည်းကမ်းနှင့်အညီ တင်ပြပြီးမှသာ ဆောင်ရွက်သွားရန်လိုအပ်ပြီး ပုဂံ-ညောင်ဦးဒေသသည် ရှေးဟောင်းယဉ်ကျေးမှုအမွေ အနှစ်မြေများရှိသည့်အတွက် မြေယာစီမံခန့် ခွဲမှုနှင့်ပတ်သက်၍ အထူး အလေးထား ဆောင်ရွက်သွားရန် နိုင်ငံတော်ဝန်ကြီးချုပ်က လမ်းညွှန်မှာကြားခဲ့သည်။
ထို့အပြင် စိုက်ပျိုးမြေများကို အခြားနည်းများဖြင့် သုံးစွဲခြင်းကြောင့် ဒေသ၏ဖူလုံရေးကို ထိခိုက် စေနိုင်မည်ဖြစ်သဖြင့် စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားရန် လိုကြောင်း၊ ဒေသရှိမြေများကို အကျိုး ရှိရှိအသုံးချရန်လိုပြီး Town Plan များ စနစ်တကျ ရေးဆွဲ၍ ဆောင်ရွက်ရန်၊ Town Plan ရေးဆွဲရာတွင်လည်း ဘာသာရေးဆိုင်ရာအဆောက်အအုံများ၊ စာသင်ကျောင်းများ၊ အုပ်ချုပ်ရေးဆိုင်ရာရုံးဌာန အဆောက်အအုံများ၊ အပန်းဖြေနေရာများကို စနစ်တကျ ထည့်သွင်းနိုင်ရေး အချိန်ယူဆွေးနွေးတိုင်ပင်၍ တွက်ချက်ရေးဆွဲသွားရန် နိုင်ငံတော်ဝန်ကြီးချုပ်က မှာကြားခဲ့သည်။
ယင်းအပြင် ပုဂံရှေးဟောင်းယဉ် ကျေးမှုနယ်မြေသို့ လာရောက်သည့် ပြည်တွင်း၊ ပြည်ပ ခရီးသွားများ ပိုမိုတိုးတက်စေရေးအတွက် ညောင်ဦးလေဆိပ်ကိုလည်း အဆင့်မြှင့်တင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့တာဝန်ထမ်းဆောင်ရသည့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တာ ဝန်ရှိ သူများအနေဖြင့် အခြေအနေအရပ်ရပ်ကို ကြိုတင်တွက်ချက် ဆောင်ရွက်ရန် လိုကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် ပုဂံညောင်ဦးဒေသ၏ အခြေအနေအရပ်ရပ်မှာ တိုးတက်လာမည်ဖြစ် ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မှာကြားခဲ့သည်။ နဒီ