ရန်ကုန်၊ ဇူလိုင် ၂၃
လက်နက်ကိုင် ပစ်ခတ်တိုက်ခိုက် နေမှုများသည်ဖက်ဒရယ်စနစ်ကို အကြောင်းပြပြီး အကြမ်းဖက်မှုလုပ်ရပ်သာဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက ပြောသည်။
ပြည်တွင်း ပစ်ခတ်တိုက်ခိုက်မှုနှင့်ပတ်သက်၍ 'ဖက်ဒရယ်လား/အကြမ်းဖက်လား' ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို ဇူလိုင် ၂၁ ရက်တွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ MCC ခန်းမ၌ ကျင်းပခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာမှ သတင်းထုတ် ပြန်ချက်အရ သိရသည်။
အဆိုပါ စကားဝိုင်းဆွေးနွေးပွဲ ပါဝင်ဆွေးနွေးခဲ့သူ USDP ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက ယခုလို လက်နက်ကိုင်ပစ်ခတ်တိုက်ခိုက်နေမှုသည် ဖက်ဒရယ်စနစ်ကို အကြောင်းပြပြီး အကြမ်းဖက်မှု လုပ်ရပ်သာဖြစ်၍ မိမိအဖွဲ့အစည်း ကောင်းကျိုးအတွက်လား၊ ဖက်ဒရယ်ကို လိုချင်တာလား ဆိုတာကို မေးမြန်းစရာဖြစ်လာကြောင်း၊ အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်မှုသည် ပြည်သူများ နေရပ်စွန့်ခွာ ထွက်ပြေးရသဖြင့် အတိဒုက္ခ ရောက်နေရသည်ဟူ၍လည်း ထည့်သွင်းပြောကြားခဲ့သည်။
ထို့အပြင် ယခုနိုင်ငံကို မတည်မငြိမ်ဖြစ်အောင် တိုက်ပွဲများဖော်ဆောင်နေမှုသည် NCA ကို ဖောက်ဖျက်သော အဖွဲ့များဖြစ်ပြီး ထိုဒေသတွင် အခြားတိုင်းရင်းသားများကို မောင်းထုတ်ခြင်း၊ သတ်ဖြတ်ခြင်းတို့သည် မိမိတို့အကျိုးစီးပွားအတွက်လား၊ နိုင်ငံပျက်စီးအောင် လုပ်ဆောင်နေတာလား ဟု မေးစရာများဖြစ်လာကြောင်း၊ အကြမ်းဖက်မှုကို အားပေးကူညီခြင်း၊ ငွေကြေးထောက်ပံ့ခြင်းသည် ပြည်တွင်းငြိမ်းချမ်းရေး ကို ထိခိုက်စေပြီး တိုင်းရင်းသားစည်းလုံး ညီညွတ်မှုကို ပျက်စီးစေကြောင်း ဦးလှသိန်းက ထည့်သွင်း ပြောကြားခဲ့သည်။
အဆိုပါ စကားဝိုင်းဆွေးနွေးပွဲတွင် သေနင်္ဂဗျူဟာ လေ့လာရေးအဖွဲ့မှ ဦးသိန်းထွန်းဦးက ညှိနှိုင်းဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး USDP ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်း၊ အမျိုးသားနိုင်ငံရေး မဟာမိတ်များ အဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဦးသိန်းကြည်၊ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ ဒေါက်တာနိုင်ဆွေဦးနှင့် နိုင်ငံရေးသုတေသီ ဦးအောင်ဖြိုးကျော်တို့က ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အမျိုးသားနိုင်ငံရေး မဟာမိတ်များ အဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဦးသိန်းကြည်ကလည်း နိုင်ငံရေးတွင် အမြဲတမ်းရန်သူ/မိတ် ဆွေမရှိဘဲ အကျိုးတူသာ ရှိတတ်ကြောင်း၊ အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် တိုင်းရင်းသားများ၊ ပြည်သူများနှင့် နိုင်ငံတော်လုံခြုံရေးတာဝန် ထမ်းဆောင်နေကြသူများ ထိခိုက်သေဆုံးနေရကြောင်း၊ နိုင်ငံရေးတွင် သွေးမထွက်သော နိုင်ငံရေးနှင့် သွေးထွက်သော နိုင်ငံရေးဟူ၍ နှစ်မျိုးရှိပြီး နိုင်ငံရေးဖြင့် ဆုံးဖြတ်၍မရပါက စစ်ရေးသို့ ဦးတည်တတ်လေ့ရှိကြောင်း၊ မည်သည့်နိုင်ငံတွင်ဖြစ်စေ အကြမ်းဖက်မှုကို လက်ခံလေ့မရှိကြောင်း စကားဝိုင်းဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။
ထို့အပြင် လက်နက်ကိုင်၍ နယ်မြေများ စိုးမိုးလာခြင်းသည် NCA သဘောတူညီမှု ချိုးဖောက်ခြင်းသာဖြစ်ပြီး ထာဝရငြိမ်းချမ်းရေးလမ်းစဉ်ကို သွေဖည်ခြင်းဖြစ်၍ တိုင်းပြည်ထိခိုက်နစ်နာနိုင်မှုကို အလေးထားစဉ်းစားရန် လိုအပ်ကြောင်း၊ အကြမ်းဖက်လုပ်ရပ်များကြောင့် တိုင်းရင်း သား အချင်းချင်း သွေးကွဲမှုမှသည် တိုင်းပြည် အစိတ်စိတ်အမြွှာမြွှာ ကွဲသွားနိုင်သည်ကို အထူးသတိပြုသင့်ကြောင်း၊ တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်ဖြစ်ရာ တပ်မတော်အင်အားရှိရန် ပြည်သူလူထုက တပ်မတော်ကို ကူညီထောက်ခံအားပေးရန် ဦးသိန်းကြည်က ဆွေးနွေး ပြောကြားခဲ့သည်။